7Day သတင်းစာကို စစ်တပ် တရားစွဲ

7_day_daily
Image caption သတင်းမီဒီယာကောင်စီက 7Day ကိစ္စကို ညှိနှိုင်း အဖြေရှာစေလို

မြန်မာ နိုင်ငံမှာထုတ်ဝေတဲ့ 7day Daily ပုဂ္ဂလိက နေ့စဉ် သတင်းစာကို တပ်တွင်း ပုန်ကန်မှုဖြစ်အောင် အားပေးမှု သွေးဆောင်မှု စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၃၁ အရ မြန်မာ့ တပ်မတော်က တရားစွဲဆိုလိုက် ပါတယ်။

စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်းတွေကို သူရဦးရွှေမန်းက သူ့ရဲ့ Facebook ပေါ်မှာ မေတ္တာမွန် စာလွှာဆိုပြီး ရေးသားတဲ့ အထဲမှာ ပြည်သူက ရွေးကောက်တဲ့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းတယ် ဆိုတဲ့ ရေးသားချက်ကို ကိုးကား ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး 7day သတင်းစာကို အရေးယူတာ ဖြစ်ပါတယ်။

အမှု ဖွင့်လိုက်တဲ အကြောင်း ကမာရွတ်ရဲစခန်းက 7Day Daily သတင်းစာ ကို ဇွန်လ ၂၇ ရက်နေ့က ကိုယ်တိုင်လာရောက် အကြောင်းကြားခဲ့တယ်လို့ ဒုတိယ အယ်ဒီတာချုပ် ကိုအားမာန်က ပြောပါတယ်။

သူတို့အနေနဲ႔ သတင်းတင်ပြပုံမှာရော၊ စာနယ်ဇင်း ကျင့်ဝတ်အရပါ ကျူးလွန်တာ မရှိဘူးလို့ ကိုအားမာန်က ပြောပါတယ်။

ဦးရွှေမန်းရဲ့ Facebook မှာ ရေးသားချက်ကို အကြောင်းပြုပြီး 7day Daily သတင်းစာကို စစ်တပ်က တရားစွဲတာ ဖြစ်ပေမယ့် စတင်ရေးသားသူ ကာယကံရှင်ကိုတော့ တစုံတရာ အရေးယူတာ မတွေ့ရပါဘူး။

7day Daily ဘက်က သတင်းမီဒီယာကောင်စီကို ဒီကိစ္စနဲ့ ပတ်သက်လို့ အကြောင်းကြားခဲ့တဲ့ အတွက် အကောင်းဆုံး အခြေအနေဖြစ်အောင် ချဉ်းကပ် ဆောင်ရွက် နေတယ်လို့ သတင်းမီဒီယာ ကောင်စီ ဥက္ကဌ ဦးဖိုးသောကြာက ပြောပါတယ်။

ဒီဖြစ်ရပ်မှာ စတင်ရေးသားသူ သူရဦးရွှေမန်းကို အရေးမယူဘဲ မီဒီယာကို အရင် တရားစွဲ ဆိုတာက တပ်မတော်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို မီဒီယာက သတိထား ရေးကြဖို့ ဆိုတာမျိုး သတိပေးချင်တာ ဖြစ်တယ်လို့ မီဒီယာတွေ ဘက်ကသုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ