ထိုင်းအစိုးရနဲ့ကြား ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ဆွေးနွေး ခဲ့သလဲ

_thia_dassk_myanmar_workers
Image caption မြန်မာ အလုပ်သမား ဘယ်သူ့ကို မဆို COI လို့ ခေါ်တဲ့ သက်သေခံ လက်မှတ်တွေ ထုတ်ပေးမယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထိုင်း နိုင်ငံ ၃ ရက် ခရီးစဉ် အတွင်း ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ ကိစ္စ၊ နယ်စပ်က မြန်မာ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေး ကိစ္စနဲ့ နှစ်နိုင်ငံ နယ်နိမိတ် ပြန်တိုင်းဖို့ ကိစ္စတွေ ဆွေးနွေး ခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေး ရုံးက ထုတ်ပြန် လာပါတယ်။

အထောက်အထား လက်မှတ် မရှိတဲ့ မြန်မာ အလုပ်သမား ဘယ်သူ့ကို မဆို မြန်မာ ဘက်က COI လို့ ခေါ်တဲ့ သက်သေခံ လက်မှတ်တွေ ထုတ်ပေး သွားမှာ ဖြစ်ပြီး၊ ပတ်စ်ပို့ ထွက်လာတဲ့ အထိ ဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်း နိုင်ငံနဲ့ကြား သဘောတူ ချုပ်ဆို ထားတဲ့ အလုပ်သမားများ ခန့်ထားခြင်း ဆိုင်ရာ စာချုပ် အရလည်း၊ ထိုင်းကို တရားဝင် စေလွှတ်မယ့် အလုပ်သမားတွေဟာ ထိုင်း နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ရရှိ စေရမယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာရေး လုပ်ငန်းတွေလည်း ပြန်လည် စတင်လာဖို့ ရှိပြီး၊ ထိုင်း အစိုးရနဲ့ သံတမန် လမ်းကြောင်း ကနေ ဆက်လက် ညှိနှိုင်းမယ်လို့ ပြောပါတယ်။

ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ ်ဖြတ်သန်း သွားလာရေး ဆိုင်ရာ သဘောတူ စာချုပ်အရလည်း ရှိနှင့်ပြီး တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း- ရနောင်းတို့ အပြင် ထီခီး-ဖူနာရွန် နယ်စပ် ဂိတ် အသစ် တစ်ခု တိုးချဲ့ ဖွင့်လှစ်မယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီ့ နယ်စပ် ဂိတ်တွေကနေ ဖြတ်ပြီး နေ့စဉ် (ဒါမှမဟုတ်) ရာသီအလိုက် အလုပ်သမားတွေ ထိုင်းဘက် သွားရောက် အလုပ်လုပ်ကိုင် နိုင်တဲ့အပြင်၊ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ကိုင်ဆောင်သူတွေ အနေနဲ့လည်း နယ်စပ် ဒေသအတွင်း တစ်ကြိမ်လျှင် ရက် ၃ဝ အထိ နေထိုင်ခွင့် ရရှိကြမယ်လို့ ကြေညာပါတယ်။

နယ်စပ်က ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့တော့ မူလ နေရပ်မှာ အလုပ်ကိုင် အခွင့်အလမ်းတွေ၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေ ပံ့ပိုး ပေးနိုင်တဲ့ အချိန်ရောက်မှ မြန်မာပြည်ပို ပြန်လည် ပို့ဆောင်မယ့် လုပ်ငန်းစဉ်တွေ စတင်ဖို့ ထိုင်း အစိုးရနဲ့ကြား သဘောတူ ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လောလောဆယ်မှာကို ပြန် လာချင်တယ်လို့ တောင်းဆို ထားတဲ့သူ ၁၉၆ ယောက် ရှိနေတဲ့ အတွက် အဲဒီ့သူတွေကို ပြန်ခေါ် နိုင်ဖို့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး သွားပြီး နိုင်ငံသား စိစစ်တာ စတင် လုပ်ဆောင်မယ်လို့ နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ