လုံးခင်းက မွတ်ဆလင် ဝတ်ပြုဆောင် ဖျက်ခံရ

Phakant Map
Image caption လုံးခင်းရွာက ဖားကန့်မြို့နယ် အတွင်းမှာရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း လုံးခင်း ကျေးရွာအုပ်စု ရွာတစ်ရွာက အစ္စလာမ် ဝတ်ပြု အဆောက် အဦ တစ်ခုကို လူအုပ်စု တစ်စုက ဇူလိုင်လ ၁ ရက်နေ့ သောကြာနေ့က သွားရောက် ဖျက်ခဲ့ကြ ပါတယ်။

ရွာ အထွက်က တံတားနားမှာ ရှိတဲ့ အဲဒီ အဆောက်အဦကို ညနေ ၃ နာရီလောက်က လူစုလူဝေးကြီးက သွားရောက် မီးရှို့ခဲ့တာဖြစ်ပြီး ရုန်းရင်းဆန်ခတ်လည်း ဖြစ်ခဲ့တယ်လို့ အဲဒီကို ကိုယ်တိုင်သွား ကြည့်ခဲ့သူ ရွာခံ ကိုနောင်လတ်က ဘီဘီစီကို ပြောပါတယ်။

မွတ်ဆလင် ဝတ်ပြုဆောင်ဟာ ခွင့်ပြုချက်မရဘဲ ဆောက်ထားတာ ဖြစ်တဲ့ အတွက် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ စည်ပင်သာယာနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက အစ္စလာမ် အသိုင်းအဝိုင်းက လူကြီးတွေကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း လုံးခင်း ရဲစခန်း တာဝန်ကျ ရဲမှူးက ပြောပါတယ်။

ဆောက်လုပ်ထားသူတွေက ကိုယ်တိုင် မဖျက်နိုင်ကြောင်းနဲ့ သက်ဆိုင်ရာက လာဖျက်နိုင်တယ်လို့ ပြောထားပြီးချိန်မှာအခုလို လူစုလူဝေးနဲ့ သွားဖျက်ကြတာ ဖြစ်ပါတယ်။

တုတ်တွေ ဓါးတွေ ကိုင်ဆောင်လာကြတဲ့ ဖျက်ဆီးသူတွေက အဆောက်အဦကို ဓာတ်ဆီလောင်း မီးရှို့တာတွေ လုပ်ခဲ့ပြီး မီးသတ်ကားတွေကိုလည်း ဝင်ခွင့် မပေးဘူးလို့ ရွာခံ ကိုနောင်လတ်က ပြောပါတယ်။

အလံတွေကိုင်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်သူတွေဆိုရင် လာရောက် ဖျက်ကြဖို့ အသံချဲ့စက်တွေနဲ့ အော်ခေါ် နေကြသူတွေက ဦးဆောင် ဖျက်ခဲ့တာ ဖြစ်ပြီး လုံးခင်းသားတွေ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

လုံးခင်းမှာ နေထိုင်လာခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ် နီးပါး အတွင်းမှာ အခုလို ဖြစ်ရပ်မျိုး လုံးဝ မဖြစ်ဖူးကြောင်းလည်း ကိုနောင်လတ်က ပြောပါတယ်။

အယောက် ၅၀ လောက်ရှိတဲ့ ရဲတွေက အခင်း ဖြစ်တဲ့နေရာကို ချက်ချင်း ရောက်လာကြပေမယ့် ရုန်းရင်းဆန်ခတ် ဖြစ်တာကိုတော့ တားဆီးနိုင်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

လုံးခင်း ရဲစခန်း တာဝန်ကျ ရဲမှူးကလည်း လူစုအင်အားက ကြီးမားပြီး ရဲအင်အား နည်းတဲ့ အတွက် လက်နက် အင်အားသုံးမယ်ဆိုရင်လည်း လူတွေ သွေးထွက် သံယိုဖြစ်မှာ စိုးလို့ ဝင်ထိန်းဖို့ မဖြစ်နိုင်ခဲ့ကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ မီးရှို့ ဖျက်ဆီးခဲ့ရာနေရာမှာ အေးအေးဆေးဆေး ရှိနေပြီဖြစ်ကြောင်း လုံးခင်းရဲစခန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ