၂၁ရာစု ပင်လုံမှာ အပြည့်အဝ ပါဝင်ခွင့် ရရေး ရခိုင်ပါတီ ANP ကြိုးစားမယ်

rakhine ဓာတ်ပုံ မူပိုင် epa
Image caption ပြည်တွင်းစစ် ရပ်စဲရေးကို ညီလာခံမှာ အဓိက တင်ပြ တောင်းဆိုမယ်။

မြန်မာ နိုင်ငံ လက်ရှိ အစိုးရက ကျင်းပဖို့ ကြိုးစား နေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ ရခိုင် အမျိုးသားပါတီ ANP အနေနဲ့ ရခိုင် ပြည်သူတွေကို ကိုယ်စားပြု တက်ရောက် တယ်လို့ ဆိုနိုင် လောက်တဲ့ အတိုင်းအတာ မျိုးနဲ့ ပါဝင် ပတ်သက်ခွင့် ရှိလာအောင် လုပ်ဆောင် သွားမယ် ဆိုပြီး ANP ပါတီက ပြောပါတယ်။

တိုင်းရင်းသား ပါတီတွေဟာ အဖြည့်ခံ သက်သက် သဘောသာ ပါဝင် လာရမှာမျိုး ကို စိုးရိမ်တယ်လို့ ANP ပါတီရဲ့ မြောက်ဦး မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဦးလှစောက ဘီဘီစီကို ပြောပါတယ်။

ဒါ့ကြောင့် ဇူလိုင် ၁ ရက်နဲ့ ၂ ရက် နေ့တွေ မှာ ပြုလုပ် ခဲ့တဲ့ ANP ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ ရဲ့ အရေးပေါ် အစည်းအဝေး ကနေ ၂၁ ရာစု ပင်လုံ ညီလာခံ နဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်တာတွေ ပြုလုပ်ဖို့ ပါတီ ခေါင်းဆောင်ပိုင်း ၇ ယောက်ပါတဲ့ ကော်မတီ တစ်ရပ် ဖွဲ့စည်း ခဲ့တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ညီလာခံမှာ ANP ပါတီ အပြည့်အဝ ပါဝင် နိုင်ရေး ကို အဲဒီ့ ကော်မတီ က တာဝန်ယူ လုပ်ဆောင် သွားမယ် လို့ ဦးဦးလှစောက ပြောပါတယ်။

အစိုးရ စစ်တပ်နဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ မှာ ပါဝင်ဖို့ကိုလည်း အစိုးရ တပ်ဘက်က သဘော မတူ ဖြစ်နေတဲ့ ရခိုင် လက်နက်ကိုင် AA အနေနဲ့ ဒုတိယ ပင်လုံညီလာခံ မှာ ပါဝင် နိုင်ဖို့ အလားလာ မသေချာ မရေရာ ဖြစ်နေပေမယ့် ဦးဦးလှစောကတော့ သူ့ အနေနဲ့ ရခိုင် အင်အားစုတွေ အားလုံး ပါဝင် လာနိုင်တဲ့ ညီလာခံမျိုး ဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ANP ပါတီ အနေနဲ့ ကတော့ ပြည်တွင်းစစ် ရပ်စဲရေးကို ညီလာခံမှာ အဓိက တင်ပြ တောင်းဆို သွားမယ်လို့ ဆိုပါတယ်။

အခု ပြုလုပ်မယ့် ၂၁ ရာစု ပင်လုံ ညီလာခံဟာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ရည်ရွယ် ပြုလုပ်တာ ဖြစ်တာကြောင့် ရခိုင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး ရဖို့ ရခိုင်လူထု ဘက်ကလည်း အထူးလိုလား နေတာ တွေ့ရတယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ