ဖားကန့် မွတ်စလင်ဝတ်ပြုဆောင် ဖျက်မှု စုံစမ်းစစ်ဆေး

Image caption လောလောဆယ်မှာ အခြေအနေတွေ တည်ငြိမ်နေပေမယ့် အဲဒီနားတဝိုက်ကို မသွားရ ကန့်သတ်ထားပြီး ရဲအင်အား (၁၀၀) လောက်တိုးချထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာက မွတ်စလင်ဝတ်ပြုဆောင်ကို မီးရှို့ဖျက်ဆီးခဲ့မှုမှာ ပါခဲ့တဲ့ ဦးဆောင်သူ အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေပါတယ်။

လောလောဆယ်မှာ အခြေအနေတွေ တည်ငြိမ်နေပြီ ဆိုပေမယ့် ပဋိပက္ခဖြစ်ခဲ့တဲ့ နေရာမှာ ရဲအင်အားတွေ တိုးချထားရပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းမှာ ရှိတဲ့ မွတ်စလင်ဝတ်ပြုဆောင်ကို တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ အမည်မသိလူအုပ်ကြီးက သောကြာနေ့က လာရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာ အခြေအနေတွေ တည်ငြိမ်နေပေမယ့် အဲဒီနားတဝိုက်ကို မသွားရ ကန့်သတ်ထားပြီး ရဲအင်အား (၁၀၀) လောက်တိုးချထားပါတယ်။

ဇွန်လ ၁ ရက်နေ့ က မီးရှို့ဖျက်ဆီးမှုကို နောက်ကွယ်က ဦးဆောင်သူတွေ ရှိနိုင်ပြီး ဒါတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး ဦးထွန်းဦးက ပြောပါတယ်။

လောလောဆယ်မှာလည်း မီးရှို့ဖျက်ဆီးရာမှာ ပါခဲ့သူတွေထဲက (၂)ဦးကို ဖမ်းဆီး စစ်ဆေးနေတယ် လို့ သိရပါတယ်။

သောကြာနေ့က ဖြစ်ခဲ့တဲ့ မွတ်စလင်ဝတ်ပြုဆောင် မီးရှို့ဖျက်ဆီးမှုမှာ ဒေသခံ ရွာသားတချို့နဲ့ ဒေသခံ မဟုတ်သူတွေ ပါတယ်လို့ ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ဦးတင်စိုးက ပြောပါတယ်။

ဒီဖြစ်ရပ် နောက်ကွယ်မှာ အစွန်းရောက်တဲ့ သူတွေ ရှိနိုင်တယ်ဆိုပြီးတော့လည်း ဦးတင်စိုးက ပြောပါတယ်။

မီးရှို့အဖျက်ခံရတဲ့ မွတ်စလင် ဝတ်ပြုဆောင်ဟာ သတ်မှတ်ခွင့်ပြုချက်နဲ့ ဆောက်လုပ်ထားတာ မဟုတ်တဲ့အတွက် ဒါကို ဖျက်ပေးဖို့ ရွာသားတွေက ပြည်နယ်အစိုးရကို တိုင်ကြားထားခဲ့တာ ဖြစ်ပါတယ်။

ဒါကို အစိုးရပိုင်းက ကိုင်တွယ်ဖြေရှင်းမှု မပြုသေးခင် အမည်မသိ ရာနဲ့ချီတဲ့ လူအုပ်က မီးရှို့ ဖျက်ဆီးခဲ့တာပါ။

ဒီလို အဖြစ်မျိုး ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးထွန်းဦးကတော့ ဒီလို အဖြစ်မျိုး ကချင်ပြည်နယ်မှာ ထပ်မဖြစ်ဖို့ လုံခြုံရေးအင်အားကို တိုးချပြီး ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ