ပြန်ကြားရေး အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေ အနားယူ တော့မယ်

Image caption ဦးတင့်ဆွေဟာ အရင်အစိုးရ လက်ထက်က ဆင်ဆာ ဘုတ်အဖွဲ့ကို ဦးစီးခဲ့သူ ဖြစ်ပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေက လျှော့ပေါ့ ပင်စင်နဲ့ အနားယူဖို့ အစိုးရကို တင်ပြ ထားတယ် လို့ ဘီဘီစီကို ပြောပါတယ်။

သူဟာ အရင် စစ်အစိုးရ လက်ထက်က စာနယ်ဇင်း လွတ်လပ်ခွင့် ကို အကြီးအကျယ် ကန့်သတ် ထိန်းချုပ် ခဲ့တယ် ဆိုပြီး ဝေဖန် ခံခဲ့ရတဲ့ ဆင်ဆာ ဘုတ်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူ ခဲ့ဘူးသူ ဖြစ်ပါတယ်။

အန်အယ်ဒီ အစိုးရသစ် လက်ထက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဖြစ်လာပြီး မိသားစု နဲ့ လူမှုရေး အခက်အခဲ တွေ ရှိတာကြောင့် ခုလို အနားယူဖို့ ဆုံးဖြတ် တာ ဖြစ်တယ် လို့ ဦးတင့်ဆွေက ဆိုပါတယ်။

ဦးတင့်ဆွေဟာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး ဝန်ထမ်းလုပ်သက် ၃၃ နှစ်ရှိပါတယ်။

အသက် ၅၀ မှာ ဝန်ထမ်း လုပ်သက် ၂၅ နှစ် ရှိတယ်ဆိုရင် လျှော့ပေါ့ ပင်စင် ခံစားခွင့်ကို အစိုးရက ခွင့်ပြု နိုင်တဲ့ အတွက် အခုလို တင်ပြခဲ့တာ လို့ လည်းသူက ပြောပါတယ်။

ဦးတင့်ဆွေဟာ တပ်မတော်မှာ ဗိုလ်မှူးအဆင့် အထိ ၂၂ နှစ်တာဝန်ထမ်းခဲ့ပြီး၊ ပြန်ကြားရေး ဝန်ကြီး ဌာန မှာ ၁၁ နှစ် တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။

၂၀၀၅ ခုနှစ် ကနေ ၂၀၁၂ ခုနှစ်အထိ ပြန်ကြားရေး ဝန်ကြီးဌာနမှာ စာပေစိစစ်ရေး နဲ့ မှတ်ပုံတင် ဌာန ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ အဲဒီအဖွဲ့ ကို ဖျက်သိမ်း ခဲ့တဲ့အထိ တာဝန်ယူ ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ် မှာကတည်းက အစိုးရ အနေနဲ့ ပိုမို ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း အဖြစ် ပြုပြင်ပြောင်းလဲဖို့ ဒီမိုကရေစီ စံနစ်နဲ့ ကိုက်ညီမှု မရှိတဲ့ စာပေ စိစစ်ရေး အဖွဲ့ကို ဖျက်သိမ်း ပစ်ဖို့ ဆုံးဖြတ် ထားခဲ့တယ် လို့ ဦးတင့်ဆွေ က ပြော ခဲ့ပြီး၊ အဲဒီ လိုဖျက်သိမ်း နိုင်ခဲ့တာဟာ သူ့ဘဝရဲ့ အောင်မြင်မှုတခု ဖြစ်တယ်လို့ ယူဆကြောင်းလည်း ဘီဘီစီကို ပြောခဲ့ပါတယ်။