အလုပ်သမား ခုံသမာဓိကောင်စီ ရွေးပွဲ ကန့်ကွက်မှုရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption အလုပ် သမား သမဂ္ဂ အဖွဲ့ချုပ် ၅ ခုနဲ့ အခြေခံ သမဂ္ဂ အဖွဲ့ တချို့က ကန့်ကွက်

ခုံသမာဓိ ကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ် ပွဲကို ပြီးခဲ့တဲ့ အပတ်က ပြုလုပ် ခဲ့ရာမှာ အခု အခါ ကန့်ကွက်မှုတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ် နေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ကိုယ်တိုင် ပြန်လည် စုံစမ်း စစ်ဆေး မေးမြန်းနေ ပါတယ်။

အလုပ်သမား အလုပ်ရှင် ပဋိပက္ခကို ဖြေရှင်း ပေးတဲ့ ခုံသမာဓိ ကောင်စီ အဖွဲ့မှာ အစိုးရ ကိုယ်စားလှယ်၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ် သမား ကိုယ်စားလှယ်တို့ ပါဝင်ကြ ပါတယ်။

အစိုးရ ကိုယ်စားလှယ်ကို အလုပ်သမား ဝန်ကြီးဌာနက ရွေးချယ်ပြီး အလုပ်ရှင် ကိုယ်စား လှယ်ကို အလုပ်ရှင်တွေ စုပေါင်း ထားတဲ့ အဖွဲ့ အစည်းတွေက ရွေးချယ် ပေးကြပါတယ်။

အလုပ်သမား ကိုယ်စားလှယ် ကိုတော့ အလုပ်သမား သမဂ္ဂတွေ ကနေ ရွေးချယ်ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက် နေ့က ခုံသမာ ဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် နေရာ အတွက် ရွေးချယ် လိုက်ကြ တာကို အလုပ် သမား သမဂ္ဂ အဖွဲ့ချုပ် ၅ ခုနဲ့ အခြေခံ သမဂ္ဂ အဖွဲ့ တချို့က အခု ကန့်ကွက် လိုက်ကြ ပါတယ်။

အောက်ခြေ အလုပ်သမား အဖွဲ့တွေ ကို ကျယ်ကျယ် ပြန့်ပြန့် မခေါ်ဘဲ အလုပ် သမား အဖွဲ့တချို့နဲ့ အစိုးရ တို့ပေါင်းပြီး ရွေးချယ် လိုက်တာကြောင့်လို့ ခုံသမာ ဓိကောင်စီမှာ အလုပ် သမား ကိုယ်စားလှယ် အဖြစ် ဆောင်ရွက် ခဲ့ဖူးတဲ့ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

ဦးမောင်မောင်တို့ အဖွဲ့ချုပ် လို့ ပြောကြတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် စီတီယူအမ် ရဲ့ နိုင်ငံလုံး ဆိုင်ရာ စည်းရုံးရေးမှူး ဒေါ်စုစုမာ ကတော့ အောက်ခြေ အလုပ် သမား သမဂ္ဂတွေ တက်ရောက် နိုင်ခြင်း မရှိတာဟာ အလုပ် သမား ဝန်ကြီး ဌာနနဲ့ သက်ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ်တွေ မှာသာ တာဝန် ရှိတယ်လို့ ဆိုပါတယ်။

သူတို့ စီတီယူအမ်ရဲ့ အောက်ခြေ အလုပ် သမားတွေ အများ အပြား တက်ရောက် နိုင်တာဟာ သူတို့ အလုပ် သမား အဖွဲ့ချုပ်က ကိုယ့် အခြေခံ အလုပ် သမား သမဂ္ဂတွေကို တက်တက် ကြွကြွ ဖိတ်ကြား ခဲ့လို့သာ ဖြစ်ပြီး တခြား အဖွဲ့တွေ မတက်ရောက် နိုင်တာဟာ သူတို့ရဲ့ သမဂ္ဂ အဖွဲ့ချုပ် တွေက မဖိတ်လို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခုံသမာဓိ ကောင်စီ ကိုယ်စားလှယ်တွေကို ၂ နှစ် တကြိမ် ရွေးချယ်ပြီး အခု အကြိမ်ဟာ ၃ ကြိမ်မြောက် ရွေးချယ် တာလည်း ဖြစ်ပါတယ်။ ခုံသမာဓိ ကောင်စီအဖွဲ့ဟာ အလုပ်ရှင် အလုပ် သမား အငြင်းပွားမှု ဝါဏိဇ္ဇ ပဋိ ပက္ခ တွေကို ဖြေရှင်း ဆောင်ရွက် ပေးတဲ့ ခုံအဖွဲ့တွေ ထဲမှာ အဆင့် အမြင့်ဆုံး အဖွဲ့ အစည်း ဖြစ်တဲ့ အတွက် အလုပ် သမား အရေးနဲ့ ပတ်သက် ပြီး အလွန် အရေး တဲ့ အဖွဲ့ ဖြစ်ပါတယ်။