၆၉ နှစ်မြောက် အာဇာနည်နေ့ ကျင်းပ

Image caption အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် ပထမဆုံး အာဇာနည်နေ့ အခမ်းအနားဖြစ်။

၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ အင်္ဂါနေ့ မနက်က ရန်ကုန်မြို့၊ အာဇာနည် ဗိမာန်မှာ ကျင်းပခဲ့ရာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာဇာနည် ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ၊ အစိုးရဌာနတွေ၊ နိုင်ငံရေး ပါတီတွေ၊ သံတမန်တွေ တက်ရောက် ဂါရဝ ပြုခဲ့ကြပါတယ်။

အခုနှစ် အာဇာနည် ဗိမာန်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားဟာ အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် ပထမဆုံး အခမ်းအနား ဖြစ်ပါတယ်။

ပြည်သူ အများအပြားဟာလည်း မိုးသည်းထန်နေတဲ့ ကြားကပဲ အာဇာနည် ဗိမ္မာန်ကို သွားရောက် ဂါရဝ ပြုခဲ့ကြသလို ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်သို့ သွားရောက် လေ့သူတွေလည်း များပြား ခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ အတွင်းဝန် ရုံးမှာလည်း အလေးပြု အခမ်းအနား ပြုလုပ်ခဲ့သလို၊ ဗိုလ်ချုပ်တို့ တက်ခဲ့တဲ့ လွှတ်တော် နေရာကိုလည်း အများပြည်သူ ဝင်ရောက် လေ့လာနိုင်ဖို့ ပထမဆုံး အကြိမ် ဖွင့်ပေးခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်စုကြည်ရဲ့ နေအိမ်မှာလည်း အာဇာနည် ပုဂ္ဂိုလ်ကြီးတွေကို ရည်စူးပြီး သံဃာတော် ၁၇ ပါးကို နေ့ဆွမ်း ဆက်ကပ်ခဲ့ပါတယ်။

Image caption ဆရာတော် အရှင် ဆန္ဒာဓိက၊ ဆရာတော် ရဝေနွယ် (အင်းမ) အပါအဝင် သံဃာတော် ၁၇ ပါးကို ဒေါ်အောင်စုကြည် နေအိမ်မှာ ဆွမ်းကပ်ခဲ့။

အဲဒီ ဆွမ်းကပ်ပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူရ ဦးရွှေမန်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ NLD နာယက သူရ ဦးတင်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ များဖြစ်ကြတဲ့ ဦးဝင်းမြင့်၊ ဦးမန်းဝင်းခိုင်သန်း အပါအဝင် ဝန်ကြီးများ တက်ရောက် ခဲ့ကြပါတယ်။

မန္တလေးနဲ့ တခြား မြို့ကြီးတွေလည်း အာဇာနည်နဲ့ အခမ်းအနားတွေကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ အဲဒီ အချိန်က အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အများစု ပါဝင်တဲ့ အစည်းအဝေး မှာ သေနတ် သမားတွေ ဝင်ရောက် ပစ်ခတ်ခဲ့လို့ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ပြင်ဆင် နေကြတဲ့ အာဇာနည် ၉ ဦး ကျဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ