မိုင်းယော် ရွာသား ငါးဦး သေဆုံးမှု စစ်ခုံရုံးက အရေးယူမယ်

Image caption ရွာသား အလောင်းတွေကို မြှုပ်နှံထားတာ တွေ့ခဲ့ရ ပြီးနောက် အရေးယူ ပေးမယ်လို့ တပ်မတော်ကဆို

ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော် ကျေးရွာ အနီးမှာ အလောင်း ငါးလောင်း တူးဖော် တွေ့ရှိခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး တပ်မတော်က စုံစမ်း စစ်ဆေး ရာမှာ စည်းကမ်းနဲ့ မကိုက်ညီတဲ့ အပြု အမူတွေ တွေ့ရတဲ့ အတွက် အရေးယူမှုတွေ လုပ်သွားမယ် လို့ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောပါတယ်။

အဲဒီ ဒေသမှာ တိုက်ပွဲ ဖြစ်နေစဉ် အတွင်း ဆိုင်ကယ်နဲ့ ရောက်လာသူ နှစ်ဦး ပစ်ခတ်မှုတွေ ကြားမှာ သေဆုံး ခဲ့တာ ဖြစ်ပြီး၊ တိုက်ပွဲ အပြီး နယ်မြေ ရှင်းလင်း တဲ့အခါ အနီးအနားမှာ တွေ့ရသူ ငါးဦးကို ဖမ်းဆီး စစ်ဆေးတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခုလို တာဝန်ရှိသူ တွေကို အရေး ယူတဲ့ အပြင် သေဆုံးသွားသူ တွေရဲ့ မိသားစု တွေကိုလည်း ထိုက်သင့်တဲ့ လျော်ကြေး ပေးသင့် တယ်လို့ ဒီအမူ နဲ့ ပတ်သက်ပြီး ကူညီပေး နေတဲ့ ကျားခေါင်း ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းဝင်းလိုင်းခန်းက ပြောပါတယ်။

မြစ်ကြီးနား မြို့မှာ သေနတ် ကျည်ဆန်ကြောင့် သေဆုံး သွားတဲ့ မောင်ဂွမ်းဆိုင်အောင် ကိစ္စနဲ့ ပတ်သက်လို့တော့ လောလောဆယ် စစ်ဆေး တွေ့ရှိချက် အရ တပ်မတော်သား လွယ်ထားတဲ့ သေနတ်ကို ဝင်လုရာမှာ ကျဉ်ထွက်သွားပြီး ထိမှန်သွားတာမျိုး ဖြစ်တယ်လို့ ယူဆကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ တပ်မတော်မှာ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ ၄ နှစ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ ၅ နှစ်၊ ဗိုလ်ချုပ်ရာထူးနဲ့ ၆ နှစ်နဲ့ ဗိုလ်မှူးချုပ် ရာထူးနဲ့ ၇ နှစ်တာ ဝန်ထမ်းဆောင် ပြီး ရာထူး ထပ်မတိုးရင် တပ်မတော်က အငြိမ်းစား ယူရတော့မယ်လို့ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန် မြို့မှာ ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အစည်းအဝေးနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မတူညီတဲ့ အဖွဲ့အစည်းတွေ ကြားမှာ သဘောထား တူညီဖို့ မူတွေ ရှိလာရင် ငြိမ်းချမ်းရေး ညီလာခံကို အခက်အခဲ ဖြစ်လာနိုင်တဲ့ အတွက် မိုင်ဂျာယန် အစည်းအဝေးကို မလုပ်သင့်ဘူးလို့ ပြောဆိုတဲ့ အကြောင်းလည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားတွေ ဖက်ကတော့ ဒီအစည်းအဝေးဟာ NCA မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်လာနိုင်အောင် ဆွေးနွေးတာ ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် အချို့ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ