င၀န်မြစ်ရေတက် ရွာနှစ်ရာကျော် ရေဘေးသင့်

Image caption အိမ်ခေါင်နီးပါး အထိ ရေလွှမ်းဒဏ်ခံနေရ

ငဝန်မြစ် ရေကြီးနေတဲ့အတွက် ငါးသိုင်းချောင်း မြို့နယ်ထဲက ကျေးရွာပေါင်း နှစ်ရာကျော်က အိမ်ခြေ တစ်သောင်း သုံးထောင်ကျော်လုံးမှာ ရေတွေ နစ်မြုပ်နေပါတယ်။

လောလောဆယ်မှာ ဒုက္ခသည် စခန်းတွေကို ပြောင်းရွှေ့နေထိုင်ရတာမျိုးတွေ မရှိသေးပေမယ့် မြစ်ရေ ဆက်တက်လာမယ် ဆိုရင်တော့ အစားအသောက်၊ နေရေးထိုင်ရေးအတွက် ကယ်ဆယ်ရေးတွေ ပေးဖို့ လိုအပ်နေပါတယ်။

င၀န်မြစ်ရေဟာ ပြီးခဲ့တဲ့ ဆယ့်တစ် ရက်နေ့ကတည်းက စိုးရိမ်ရေမှတ် ကျော်နေတာ အခုချိန်အထိလည်း ရေတွေမကျသေးပဲ အဲဒီ ဒေသတဝိုက်က လူတွေ ရေဘေးဒဏ် ခံစားနေရတာဖြစ်ပါတယ်။

အခုလိုသာ မြစ်ရေ ဆက်တက်လာမယ်ဆိုရင်တော့ ကျေးရွာတွေမှာ နေရေးထိုင်ရေးနဲ့ အစားအသောက် ကူညီမှုတွေ ပေးဖို့လိုတယ်လို့ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သိန်းကတော့ ပြောပါတယ်။

လောလောဆယ်မှာ ရေဘေးသင့် ရွာသားတွေအနေနဲ့ ဒုက္ခသည်စခန်းတွေကို ပြောင်းရွှေ့နေထိုင်ရတာမျိုးတော့ မရှိသေးပေမယ့် ရေဘေးသင့် ကျေးရွာတွေမှာတော့ အစားအသောက်တွေ ဝေငှပေးနေတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောပါတယ်။

လောလောဆယ်မှာ ချင်းတွင်းမြစ်ရေဟာ ကြီးနေပြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ကလေးဝ မော်လိုက်၊ ကနီ မြို့တွေမှာ ဟာ စိုးရိမ်ရေအမှတ်ကျော်နေပြီး ဧရာဝတီမြစ်ရေဟာလည်း ရွှေဂူနဲ့ ညောင်ဦးမြို့တွေမှာ လာမယ့် ရက်တွေအတွင်း စိုးရိမ်ရေအမှတ် ကျော်လာနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

ဒီလို ဧရာဝတီနဲ့ ချင်းတွေ မြစ်ရေတွေ ကြီးလာနေတဲ့အတွက် ငဝန်မြစ်ရေဟာလည်း နောက်ရက်တွေအတွင်း စိုးရိမ်ရေအမှတ် အထက်မှာ ဆက်ရှိနေဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ