သခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Image caption ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ အကြောင်းကို အရင် အစိုးရလက်ထက်တွေမှာ မှိန်ဖျောက်ထားတယ်လို့ ဆို

ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်တာ ၅၂နှစ် ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ဂူဗိမာန် နှစ်၅၀ပြည့် ရွှေရတု အခမ်းအနားတွေကို ဇူလိုင်လ ၂၃ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိစေနိုင်ဖို့ ငြိမ်းချမ်းရေး ကဗျာ၊ စာတမ်း ရွတ်ဆို ဖတ်ကြားတာတွေကိုလည်း ပြီးခဲ့တဲ့ ရက်က လုပ်ခဲ့ကြပါတယ်။

ငယ်နာမည် မောင်လွန်း ခေါ် ဆရာကြီး သခင် ကိုယ်တော်မှိုင်းဟာ ၁၈၇၆ခုနှစ် မတ်လ ၂၆ရက်မှာ မွေးဖွားခဲ့ပြီး ၁၉၆၄ခုနှစ်မှာ ဇူလိုင်လ ၂၃ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ကိုလိုနီခေတ် ဗြိတိသျှ အစိုးရ လက်ထက်မှာ လွတ်လပ်ရေး ကြိုးပမ်းခဲ့သူ သခင် ကိုယ်တော်မှိုင်းကို ဗြိတိသျှ အစိုးရက ရန်သူတော် နံပတ်တစ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။

တခါ လွတ်လပ်ရေး ရအပြီး ငြိမ်းချမ်းရေး မရှိတဲ့ ကာလတွေအတွင်းမှာလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ ဆင်းရဲသားတွေဘက်က မားမားမတ်မတ် ရပ်တည်ခဲ့သူ သခင် ကိုယ်တော်မှိုင်းရဲ့ အကြောင်းကို မဆလပါတီ အစိုးရခေတ်မှာရော၊ အခုနောက်ဆုံး စစ်အစိုးရခေတ်မှာပါ မှိန်ဖျောက်ထားခဲ့ကြောင်းနဲ့ သီပေါမင်း ပါတော်မူချိန် အသက် ၈နှစ် ၉နှစ် အရွယ် ကစလို့ ကွယ်လွန်ချိန်အထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဘ၀ဟာ တိုင်းပြည်ရဲ့ ကံကြမ္မာ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး နောက်ခံကို ရောင်ပြန်ဟပ် နေတဲ့ အတွက် သူ့ဘဝ ဇာတ်ကြောင်းကို ပြဇာတ်အဖြစ် သော်လည်းကောင်း၊ ရုပ်ရှင်ဇာတ်ကား အဖြစ်သော်လည်းကောင်း တင်ဆက် ပြသနိုင်မယ် ဆိုရင် နှောင်းလူတွေ ပိုသိသွားနိုင်မှာ ဖြစ်ကြောင်း စာရေးဆရာ ချစ်ဦးညိုက ပြောပါတယ်။