အစိုးရ အမည်ပျက် စာရင်း ပယ်ဖျက်ဖို့ စီစဉ်နေ

Image caption အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးမယ်သူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား အချို့ပါဝင်

အရင်အစိုးရတွေ လက်ထက်မှာ အမည်ပျက်စာရင်း ထည့်သွင်း ခံရသူတွေထဲက ပထမအသုတ်အနေနဲ့ လူ (၃၀၀)နီးပါးလောက်ကို စာရင်းကနေ ပယ်ဖျက်ပေးဖို့ ရှိနေပါတယ်။

လောလောဆယ်မှာ အမည်ပျက်စာရင်းမှာ ထည့်သွင်းတဲ့ အချက်အလက်တွေကို ဖြေလျော့ပေးပြီး စိစစ်မှုတွေ လုပ်နေပါတယ်။

အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် လူအများကြီးကို အမည်ပျက် စာရင်းထဲ ကနေ ပယ်ဖျက် ပေးမှာ ဖြစ်ပါတယ်။

အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးမယ်သူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား အချို့ပါဝင်ပါတယ်။

ဒီထဲမှာ နိုင်ငံခြား ပညာတော်သင်သွားပြီး ဌာနမှာ အလုပ်ပြန်မဝင်တဲ့ အစိုးရ ဝန်ထမ်းတွေ၊ လျော်ကြေးပေးဖို့ ပျက်ကွက်တဲ့ ဝန်ထမ်းတွေ ပါဝင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည့်သူအင်အားဦးစီးဌာနက အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

တချိန်တည်း မှာပဲ အရပ်ဖက်အဖွဲ့အစည်း (၄၀)ကျော် က စုပေါင်း လက်မှတ် ထိုးပြီး ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဂုဏ်သိက္ခာ ရှိရှိပြန်လာဖို့ နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို အိတ်ဖွင့် စာ ပေးပို့ခဲ့ပါတယ်။

ပြည်ပ ရောက်နေတဲ့ သူတွေကို မြန်မာ နိုင်ငံသား လျှောက်တဲ့ အခါမှာ ဥပဒေနဲ့ အညီ နိုင်ငံသား ပြန်ပေးဖို့ တောင်းဆို ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ကိုဘိုကြည်က ပြောပါတယ်။

အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးဖို့ စိစစ်နေတဲ့ လူ ၃၀၀ ရဲ့ အမည်စာရင်း ဟာ လာမယ့် တစ်ပတ် အတွင်းထွက်လာဖို့ ရှိတယ်လို့ အမြဲတမ်းအတွင်း ဦးမြင့်ကြိုင်က ပြောပါတယ်။

လောလောဆယ်မှာ အစိုးရက အမည်ပျက်စာရင်း သွင်းထားတဲ့ စာရင်းက (၉၀၀၀) လောက်ရှိပြီး အဲဒီ အထဲက (၄၀၀၀)ကျော်ဟာ ပျက်စီး ပျောက်ဆုံးတဲ့ ပတ်စ်ပို့ စာအုပ်တွေ ဖြစ်ပြီး ကျန်တဲ့ (၄၀၀၀)ကျော်က လူစာရင်း ဖြစ်ပါတယ်။

လူစာရင်း ထဲမှာတော့ (၃၀၀၀)လောက်ဟာ နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေ၊ အကြမ်းဖက်အဖွဲ့ မူးယစ်ဆေးဝါးအဖွဲ့တွေ နဲ့ ဆက်နွယ်နေသူတွေ ပါဝင်ပြီး သူတို့ကိုတော့ စာရင်းထဲကနေ ပယ်ဖျက်ပေးမှာ မဟုတ်ပါဘူး။

လူစာရင်းထဲမှာ ကျန်တဲ့ လူ(၁၀၀၀)လောက်ကို အမည်ပျက် စာရင်း ကနေ ပယ်ဖျက်ပေးဖို့ စိစစ်နေတာ ဖြစ်တယ်လို့ ဦးမြင့်ကြိုင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ