ချင်းတွင်းနဲ ဧရာဝတီ မြစ်အထက်ပိုင်း ရေတိုးဖို့ရှိ

ဓာတ်ပုံ မူပိုင် AP
Image caption ရေတက်လာလို့ အမြင့်ပိုင်းအိမ်တွေ ပြောင်းနေကြရ

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတွေဟာ စိုးရိမ် ရေမှတ် အထက်ကို မြင့်တက်နေမှုကြောင့် ဒေသတချို့က နေထိုင်သူတွေဟာ ကယ်ဆယ်ရေးစခန်းတွေနဲ့ ရေဘေးလွတ်ရာ နေရာ တွေကို ရွှေ့ပြောင်း နေကြရပါတယ်။

ချင်းတွင်းနဲ ဧရာဝတီ မြစ်ဆုံအောက်ပိုင်းဒေသတွေဟာ ဒီနေ့မှာ ရေတွေ သိသိသာတိုး လာလို့ တချို့ နေအိမ်တွေဖျက်ပြီး စက်လှေတွေနဲ ပြောင်းပြေးနေကြရပါတယ်။

ချင်းတွင်းမြစ်ဘေး မြို့တွေမှာ ရေကြီးမှုတွေဟာ မနှစ်က စံချိန်ကို မမှီပေမဲ့ ချင်းတွင်းနဲ ဧရာဝတီ မြစ်ဆုံ အောက်ပိုင်းဒေသတွေမှာ ဒီရက်ပိုင်း သိသိသာ တိုးလာတဲ့ မြစ်ရေတွေကြောင့် အခုအခါ လူတွေ ဒုက္ခရောက်နေကြပါပြီ။

ရေက ခြောက်ပေ ခုနှစ်ပေလောက် မြင့်တက်နေပြီး မြင့်တဲ့ အိမ်တွေပေါ် တက်ပြေး နေထိုင် နေကြရသလို နွားတွေဆိုရင် ရေနဲ့ လွတ်ရာ ပြေးကုန်တယ်လို့ ရေစကြို မြို့နယ် အောင်သာကျေးရွာ က ဒေါ်စန်းမြိုင် က ဒီနေ့ မြစ်ရေတက်နေတဲ့ အခြေနေ ကို ပြောပါတယ်။

ရေစကြို အောက်ဖက်မှာရှိတဲ့ ညောင်ဦး ဘက်မှာတော့ အခြေနေက စိုးရိမ်စရာ ဖြစ်ပြီး ညောင်ဦး တစ်ဖက်ကမ်း ဧရာဝတီ မြစ်ဘေးက အရှေ့ဆယ်လံရွာမှာ ဆိုရင် မြစ်ရေတိုးနေပြီးကမ်းပါးပြို နေတာကြောင့် ရွာလုံးကျွတ်နီးပါး ဖျက်ပြီး ပြောင်းနေရ တယ်လို့ ရွာခံတစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

မြင်းခြံမြို့နယ် လင်ကြီးရွာက ရေဘေးဒုက္ခသည် တွေကလည်း သူတို့ရွာမှာ ရေတက်တာ မနှစ်ကထက်များလို့ ကယ်ဆယ်ရေးလာဖို့ လိုတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ စခန်းတွေမှာ စားနပ်ရိက္ခာ အနေနဲ့ လူတယောက်ကို ဆန်ဖိုး သုံးရက်စာ တနေ့ နှစ်ဗူးနှုန်းနဲ့ ပေးနေပြီး ကယ်ဆယ်ရေး ပစ္စည်း လေးမျိုး အပြင် ရေသန့် ဆေးပြားတွေ ဝေသလို ရေသန့်တွေလည်း ပေးတယ်လို့ အစိုးရ ရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် က ပြောပါတယ်။

ဒါ့အပြင် ခေါက်ဆွဲခြောက်နဲ့ ငါးသေတ္တာတွေလည်း ဝေပေးတယ်လို့ သူက ဆိုပါတယ်။

မန်းလေးတိုင်းတစ်ခုတည်းမှာတင် ရွှေ့ပြောင်းနေထိုင်ရသူ ဧည့်အိမ်ထောင်စု အရေတွက် ဟာ ၄၀ဝ၀ကျော်ရှိတယ် လို့လည်း အစိုးရ ဘက်ကပြောပါတယ်။

နောက်ရက်တွေဆိုရင် ချင်းတွင်းနဲ ဧရာဝတီ မြစ်အထက်ပိုင်းက ရေတွေဟာ ဒီထက်ပိုပြီး ဆင်းလာဖို့ရှိတာကြောင့် ဧရာဝတီ မြစ်ဘေး ကျေးရွာတွေက ဒေသခံတွေ အထူးစိုးရိမ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ