ညောင်ဦးမှာ စံချိန်တင် မြစ်ရေတက်

Nyaung Oo Floods ဓာတ်ပုံ မူပိုင် Ko Han Saw Tun
Image caption ညောင်ဦးမြို့က ရေကြီးနေတဲ့ နေရာတစ်ခု

မြန်မာ နိုင်ငံတဝန်းက တိုင်းနဲ့ ပြည်နယ် တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ အတွက် ရေဘေးသင့်ဒေသက အိမ်ထောင်စုပေါင်း နှစ်သောင်းကျော်၊ လူဦးရေ တစ်သိန်းလောက် နေရာရွှေ့ပြောင်း ကြရတယ်လို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းဘက်မှာ ဧရာဝတီမြစ်ရေ ကျဆင်းစ ပြုလာပေမဲ့ ညောင်ဦးမြို့မှာ သြဂုတ်လ ၂ ရက် နေ့လယ် ပိုင်းကစပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး စံချိန်တင် တက်လာခဲ့ ပါတယ်။

ညောင်ဦး မြို့ အောက်ဖက်ပိုင်းက ချောက်မြို့နယ်နဲ့ ရေနံချောင်းမြို့နယ် ထဲက ရွာတွေမှာလည်း မကြုံဖူးအောင် ရေတွေတိုးနေပါတယ်။

ရေနံချောင်း မြို့နယ် ဝက်လွတ် ကျေးရွာ အုပ်စုဝင် ရွာတွေမှာ နေအိမ်တွေ အားလုံး ရေမြုပ်နေပြီလို့ သူဌေးကုန်းရွာသား ကိုဇော်မင်းက ပြောပါတယ်။

ပြည်မြို့နယ် ဖက်မှာတော့ နဝင်းရပ်ကွက် ရေနစ်သွားပြီး ရွှေတောင်နဲ့ ပန်းတောင်းက အခြေနေဆိုးတယ်လို့ ပြည်မြို့မှာ ကူညီရေး လုပ်ငန်းတွေ လုပ်နေတဲ ကိုမြင့်သန်းထွန်းက ပြောပါတယ်။

နောက်ရက်တွေမှာ မန္တလေးဖက် ကနေ ဧရာဝတီမြစ်ရေက အောက်ဖက်ကို စီးလာ နိုင်တဲ့အတွက် မန္တလေး၊ စစ်ကိုင်း ကနေ မြင်းမူ အထိ ရေကျ သွားနိုင်ပေမဲ့ ပခုက္ကူ၊ ညောင်ဦးစတဲ့ ဧရာဝတီ မြစ်အောက်ပိုင်းက မြို့တွေမှာ နောက်တစ်ရက်အတွင်း ပေဝက်လောက် ထပ်တက်ပြီး စိုးရိမ်ရေမှတ် အထက် ရှိနေ နိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဦးစီးအရာရှိ ဦးမျိုးဝင်းထွန်းက ပြောပါတယ်။

မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဟင်္သာတနဲ့ ဇလွန်မှာ နောက်နှစ်ရက် အတွင်း မြစ်ရေ တစ်ပေခွဲ အထိ တက်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

လတ်တလော မြန်မာ နိုင်ငံအတွင်း ရေကြီး ရေလျှံမှု အခြေအနေဟာ နိုင်ငံတော် အဆင့် အရေးပေါ် အခြေအနေ ကြေညာဖို့ မလိုသေး ဘူးလို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောပါတယ်။

ရေဘေးဒုက္ခသည် တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတွေ အလိုက် နိုင်နိုင်နင်းနင်း အကူအညီပေးနေပြီး လက်တွေ့ ကွင်းဆင်း ကြည့်ရှု အကဲဖြတ် တာတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ