IS ခြိမ်းခြောက်မှုမှာ ဒေါ်စု နာမည် ပါဝင်

Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် EPA
Image caption ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် အပြည့်အဝ ဆောင်ရွက်ထား

မလေးရှားနိုင်ငံမှာ IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့က ရဲစခန်း တစ်ခုကို ပေးခဲ့တယ် ဆိုတဲ့ ခြိမ်းခြောက်စာထဲမှာ မလေးရှား ဝန်ကြီးချုပ်နဲ့ တခြား ခေါင်းဆောင်တွေ အပြင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ နာမည်လည်း ပါဝင်ကြောင်း စင်္ကာပူနိုင်ငံထုတ် The Strait Times သတင်းစာမှာ ဖော်ပြထား ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် နာမည် ထည့်သွင်းထားတဲ့ အတွက် လုံခြုံရေးကို အထူးသတိပြု ဆောင်ရွက်မယ်လို့ မြန်မာ အစိုးရ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။

လုပ်သင့် လုပ်ထိုက်တဲ့ လုံခြုရေး အစီအမံ တွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အခုလို ခြိမ်းခြောက်မှု သတင်း ထွက်လာတာကို လျှော့တွက်လို့ မရသလို အလွန်အမင်း စိုးရိမ်ပူပန်စရာလည်း မလိုဘူးလို့ သူကဆိုပါတယ်။

တိုက်ခိုက် ခံရမှုတွေ ရှိခဲ့တဲ့ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ တိုက်ခိုက်မှု မတိုင်ခင် ကြိုတင် ခြိမ်းခြောက်တာတွေ ရှိတာ တွေ့ခဲ့ရဖူးသလို ခြိမ်းခြောက်မှုတွေ လုပ်ပြီး တိုက်ခိုက်မှု မဖြစ် ခဲ့တာတွေ ကိုလည်း လေ့လာ တွေ့ရှိရတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်လို အရေးကြီးတဲ့ ပုဂ္ဂိုလ် မျိုးတွေ အတွက် အနီးကပ် အတွင်းစည်း၊ အပြင်စည်း စသဖြင့် လုံခြုံရေး အပြည့်အဝ ပေးထားတယ်လို့ ဆိုပါတယ်။

သာမန်အချိန်၊ ခြိမ်းခြောက်မှု သတင်းတွေ ရှိတဲ့ အချိန်၊ ခြိမ်းခြောက်မှုကို အတည်ပြုနိုင်တဲ့ အချိန် နဲ့ နောက်ဆုံး အဆင့် တိုက်ခိုက်မှုအထိ ပြောင်းလဲလာတဲ့ အချိန် ဆိုပြီး အချိန်ကာလ အပိုင်းအခြားအရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း လုပ်ငန်းတာဝန်တွေကို ပြောင်းလဲ ဆောင်ရွက်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

Globlisation ဆိုတဲ့ ကမ္ဘာ ဖြန့်ကြက်မှု အရ အကြမ်းဖက်ဝါဒက နယ်နိမိတ်တွေ ကျော်လွန် ဝင်ရောက်လာတာ ဖြစ်ပြီး မြန်မာ နိုင်ငံမှာ မတူညီတဲ့ လူ့ အဖွဲ့ အစည်းတွေကြား ပဋိပက္ခ ဖြစ်တာမျိုး ရှိပေမဲ့ ပြည်ပ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်တာမျိုး မတွေ့ရ သေးဘူးလို့ သူကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ