နာမည်ပျက် စာရင်းထဲကနေ လူ ၆ဝဝ ကျော် ပယ်ဖျက်ပေး

myanmar_black_list
Image caption သက်ဆိုင်ရာ အစိုးရ ဌာနတွေမှာ ပြန်လာ တာဝန် ထမ်းဆောင်ဖို့ ပျက်ကွက် ခဲ့တဲ့ ပညာတော်သင် တွေကို လျော်ကြေး ပေးဆောင် စေခြင်း မျိုးနဲ့ နာမည်ပျက် စာရင်းထဲက ပယ်ဖျက် ပေး။

မြန်မာ အစိုးရက Blacklist ဆိုတဲ့ နာမည်ပျက် စာရင်းထဲ ထည့်သွင်း ထားတဲ့ သူတွေထဲက ၆၁၉ ဦး ကို ပယ်ဖျက် ပေးလိုက်ပါတယ်။

ဒီ အထဲမှာ နိုင်ငံခြား တိုင်းပြည် တခုခုမှာ လက်ရှိ နိုင်ငံသား ခံယူထားတဲ့ မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ၃၇၁ ယောက် ပါဝင်ပါတယ်။

ပြည်ပ ထွက်ခွာခွင့် အပိတ်ခံထားရတဲ့ မြန်မာပြည်ထဲက သူ ၂၄၈ ယောက်လည်း အခု လူ ၆ဝဝ ကျော်ထဲ အပါအဝင် ဖြစ်ပါတယ်။

နိုင်ငံခြား ပညာတော်သင် သွားပြီး သက်ဆိုင်ရာ အစိုးရ ဌာနတွေမှာ ပြန်လာ တာဝန် ထမ်းဆောင်ဖို့ ပျက်ကွက် ခဲ့သူ တွေကို လျော်ကြေး ပေးဆောင် စေခြင်း မျိုးနဲ့ နာမည်ပျက် စာရင်းထဲက ပယ်ဖျက် ပေးလိုက်တာ မျိုး ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီ ကို ပြောပါတယ်။

ပြည်ပရောက် နိုင်ငံရေးသမားတွေ နာမည်ပျက် စာရင်းထဲ ထည့်သွင်း ခံရပေမယ့်လည်း အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်ကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ နာမည်ပျက် စာရင်းထဲ ထည့်သွင်း ခံရသူ တစ်ယောက်မှ မရှိဘူး ဆိုပြီး ငြင်းဆို ပါတယ်။

ဥပဒေကြောင်း အရ ငြိစွန်းသူတွေကိုသာ Black List ထဲ ထည့်ထားတာ ဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင်က ဆိုပါတယ်။

နာမည်ပျက် စာရင်းထဲက ဆက်လက် ပယ်ဖျက် ပေးဦးမယ့် အလားအလာ ရှိနေတယ်လို့ ဦးမြင့်ကြိုင်က ဆိုပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်းမှာ မြန်မာနိုင်ငံကူး လက်မှတ် ပျောက်ဆုံးကြောင်း သတင်းပို့ ထားတဲ့ စာအုပ် လေးထောင့်ရှစ်ရာ ကျော်လည်း လက်ရှိ Black List ထဲ မှာ ပါဝင် နေတယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ