လယ်သမား အခွင့်အရေး ကော်မတီ စည်းဝေး

paddy ဓာတ်ပုံ မူပိုင် DAVID GANNON I AFP I GETTY IMAGES
Image caption မြစိမ်းရောင် စီမံကိန်းကို ဆက်လုပ်မယ်

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင် ကော်မတီ အစည်းအဝေးကို ဩဂုတ်လ ၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ် ။

အစည်းအဝေး မှာ တောင်သူလယ်သမား တွေကို ငွေကြေး ထောက်ပံ့ပေးဖို့နဲ့ လယ်ယာမြေ ပိုင်ဆိုင်ခွင့် သက်သေခံ လက်မှတ် ဖြစ်တဲ့ ပုံစံ ၁၇ ကို အလျင်အမြန် ထုတ်ပေးဖို့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေက တင်ပြခဲ့ပါတယ် ။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကလည်း သူတို့ လုပ်ဆောင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ် ။

ဝန်ကြီးဌာန ဆွေးနွေးချက်တွေ ထဲက သမဝါယမ ငွေချေးတဲ့ လုပ်ငန်းနဲ့ မြေယာမဲ့ လူတွေကိုအတိုးမဲ့ ငွေချေးတဲ့ မြစိမ်းရောင် လုပ်ငန်းတွေဟာ လက်တွေ့မှာ အကျိုးမရှိ တဲ့အတွက် ရပ်ဆိုင်းဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က တင်ပြ ခဲ့ပါတယ် ။

ဝန်ကြီးချုပ်ရဲ့ တင်ပြချက်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနက လက်မခံဘဲ ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

မြစိမ်းရောင် စီမံကိန်းဟာ မြေယာမဲ့ ကျေးလက်နေ ပြည်သူတွေ အတွက် အားကိုးအားထားရာ တခု ဖြစ်တဲ့ အကြောင်း လည်ဆည် ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ပြောပါတယ် ။

ဝန်ကြီးဌာန အနေနဲ့ မြစိမ်းရောင် စီမံကိန်းကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ် ။

တနင်္သာရီ၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ် တွေမှာ နွေရာသီ မှာ စိုက်ပျိုးရေ ရဖို့ကို အလျင်အမြန် ဆောင်ရွက်ပေးဖို့နဲ့ တောင်သူလယ်သမား အသင်းအဖွဲ့တွေ ဖွဲ့စည်းဖို့ ကိုတော့ သဘောတူခဲ့ ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူတွေက ပြောပါတယ် ။

ဒီအစည်းအဝေးဟာ အရပ်သား အစိုးရ တက်လာပြီး ပထမဆုံး ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပြီး အစည်း အဝေးကို ကော်မတီ ခေါင်းဆောင် ဒုတိယ သမ္မတ ( ၂ ) ဦးဟင်နရီဗန်ထီးယူနဲ့ အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေ တက်ရောက် ခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ