နာဂရွာတွေကို အထူးကုဆရာဝန်ကြီး တွေရောက် ပြီ

ဓာတ်ပုံ မူပိုင် AFP Photo 25.12.2014
Image caption နာဂတောင်တန်းပေါ်မှာ အရင်ကလည်း ဝက်သက် ရောဂါကူးစက်ခဲ့ဘူးပါတယ်

စစ်ကိုင်းတိုင်း လဟယ် မြို့နယ် နဲ့ နန်းယွန်း မြို့နယ် တွေထဲ က ကျေးရွာ တွေမှာ ဖြစ်ပွား နေတဲ့ ရောဂါကို ဓါတ်ခွဲ စမ်းသပ် ကြည့်တဲ့ အခါ ဝက်သက် ရောဂါ ဖြစ်တာကို တွေ့ရတယ်လို့ ကျန်းမာရေး နဲ့အားကစား ဝန်ကြီး ဌာန ကပြောပါတယ်။

အခု အခါ အထူးကု ဆရာဝန်ကြီးတွေ ပါဝင်တဲ့ ဆေးဝန်ထမ်း အဖွဲ့တွေက အရေးပေါ် ကွင်းဆင်း ကုသမှု နဲ့ ကာကွယ် ဆေးထိုး လုပ်ငန်းတွေ ဆောင်ရွက် နေပြီလို့ ကူးစက် ရောဂါ တိုက်ဖျက်ရေး နဲ့ သဘာဝဘေး ဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့ ကရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့အထိ ကာလ အတွင်းမှာသေဆုံးသူ ၁၈ ဦးရှိခဲ့တယ်လို့ သူကပြောပါတယ်။

အဲဒီထဲမှာ ကလေး သူငယ် တွေနဲ့ အသက် အရွယ် ကြီးရင့်သူတွေ ပါဝင်ကြောင်းလည်း ပြောပါတယ်။

ကလေး တွေမှာ အဟာရ ချို့တဲ့ တဲ့လက္ခဏာလည်း တွေ့ရတာကြောင့် ဝက်သက်ရော ဂါကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတာ ဖြစ်နိုင်တယ် လို့ဒေါက်တာ သန်းထွန်းအောင် က ဆို ပါတယ်။

ကျန်းမာရေး ဝန်ထမ်း ရှားပါး ပြီး သွားလာရ ခက်ခဲတဲ့ ဒေသမှာ မိုးတွင်း ကာလ အချိန် ရောဂါ ဖြစ်ပွားခဲ့ တာဖြစ်လို့ နောက်ကျမှ သိရှိတာကြောင့် သေဆုံးမှု များပြားခဲ့တာလို့ သူက ရှင်းပြပါတယ်။

အခုအခါမှာ အဲဒီ ဒေသကို ဗဟို အဆင့် ဆရာဝန်ကြီး သုံးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးက ဆရာဝန်ကြီး သုံးဦး၊ တပ်မတော် က ဆရာဝန် တဦး နဲ့ ခန္တီး ဆေးရုံက ဆရာဝန် တဦး၊ စုစုပေါင်း ဆရာဝန် ၈ ဦးက အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး ဆေးကုသမှုနဲ့ ကာကွယ် ဆေးထိုး လုပ်ငန်းတွေကို သြဂုတ်လ ၅ ရက်နေ့ ကစပြီး ဆောင်ရွက် နေပြီလို့ ဒေါက်တာ သန်းထွန်းအောင် ကပြောပါတယ်။

နောက်ထပ် ၁၅ ရက်လောက် အတွင်းမှာ အခြေအနေကို ထိန်းသိမ်း နိုင်လိမ့်မယ်လို့ သူကပြောပါတယ်။

အနာဂတ် ကာလမှာ ဒီလို အဖြစ်အပျက်မျိုး ထပ်မဖြစ် ပွားအောင်အတွက် ဒီဒေသမှာ ဆေးရုံဆေးခန်း တွေတည်ဆောက်ပြီး အခြေခံ ကျန်းမာရေး ဝန်ထမ်းတွေ ဖြည့်ဆည်းသွားမှာ ဖြစ်ကြောင်းနဲ့၊ ဝန်ထမ်းတွေ နေပျော်အောင် အတွက် လခ နှစ်ဆ ပေးတာ နဲ့ ခရီးသွားလာ နိုင်အောင် စီစဉ်ပေးတာ တွေဆောင်ရွက်သွားမယ်လို့ ဒေါက်တာ သန်းထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။