ဘီဘီစီအစီအစဉ်များ မြန်မာ့အသံမှာ တင်ဆက်မည်

ဘီဘီစီ မြန်မာပိုင်း၏ ရေဒီယိုအစီအစဉ် များကို နိုင်ငံတော် အသံလွှင့်ဌာန မြန်မာ့အသံမှ ပထမဆုံး အကြိမ် စတင် ထုတ်လွှင့်မည်ဖြစ်ပါသည်။

ဘီဘီစီမြန်မာပိုင်း အစီအစဉ်များကို ပြည်တွင်း အသံလွှင့် အချို့မှလည်း ထုတ်လွှင့် ပေးလျှက်ရှိရာ ယ္ခု မြန်မာ့အသံ နှင့် သဘောတူညီချက်သည် ပြည်တွင်းရှိ ပရိသတ်များအတွက် ဘီဘီစီ အစီအစဉ်များကို အလွယ်တကူ ဖမ်းယူနားဆင်နိုင်ရန် ကြိုးပမ်း အားထုတ်မှု တစ်ခုဖြစ်ပါသည်။

မြန်မာ့အသံမှ ထုတ်လွှင့်ပေးမည့် အစီအစဉ်များမှာ မိုဘီဂျီနို လူငယ်အစီအစဉ်၊ ကူးလ်တက် ဒစ်ဂျစ်တယ် နည်းပညာ အစီအစဉ် နှင့် ဆန်းသစ်တီထွင် လယ်မြေတခွင် အစီအစဉ်များ ဖြစ်ပါသည်။ ဘီဘီစီ အစီအစဉ်များကို လှိုင်းတို၊ လှိုင်းလတ် နှင့် FM တို့မှ ဖမ်းယူနားဆင်နိုင်ပါသည်။

မြန်မာ့အသံနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပြည်တွင်း ရုပ်မြင်သံကြားနှင့် ရေဒီယို အသံလွှင့် အစီအစဉ်များနှင့် ဘီဘီစီမြန်မာပိုင်း အစီအစဉ် ၏ ပူးပေါင်း ဆောင်ရွက်မှုများ အပေါ် တိုးမြှင့်ဆောင်ရွက်မှု တစ်ရပ် ဖြစ်ပါသည်။

ဘီဘီစီ၏ နေ့စဉ် သတင်းတိုများကိုလည်း မိုဘိုင်းဖုန်းမှ ဖမ်းယူနားဆင်နိုင်ပါသည်။

ဘီဘီစီ မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဒေါ်တင်ထားဆွေကအခုလို မှတ်ချက် ပေးပါသည်။

“မြန်မာ့အသံနဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် တို့ အခုလို ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်နိုင်တာကြောင့် ဘီဘီစီရဲ့ရေဒီယို အစီအစဉ်တွေ ကို မြန်မာ့အသံ လေလှိုင်းပေါ်မှာ ကြားကြရတော့မှာပါ။ ဘီဘီစီအစီအစဉ်တွေကို မြန်မာ့အသံက ထုတ်လွှင့်ပေးနေတဲ့ လှိုင်းတို နဲ့ လှိုင်းလတ် အပြင် FM ကပါ ဖမ်းယူနားဆင်နိုင်မှာ ဖြစ်တဲ့ အတွက် မိုဘိုင်းဖုန်းကတဆင့် ရေဒီယို နားထောင်ကြတဲ့ လူငယ် ပရိသတ် တွေ ကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်း သောတရှင် အသစ်တွေ တိုးပွါးများပြားလာမှာ ကို ကြိုဆိုပါတယ်။”

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက၊

“မြန်မာ့အသံ ရေဒီယိုနှင့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ဌာန နှစ်ခု အကြား ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ယခုလို ပွင့်လင်းလာတဲ့ အချိန်ကာလမှာ အသံလွှင့်ဌာန နှစ်ခု အကြား အစီအစဉ်တွေ ဖလှယ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံးအဖြစ် ပြန်လည်ဆောင်ရွက်နိုင်ခြင်း ဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ အစီအစဉ်တွေကို နှစ်ဘက် ဖလှယ်ထုတ်လွှင့်နိုင်ခြင်းဖြင့် မြန်မာပရိသတ်အားလုံး အတွက် အစီအစဉ်ကောင်းတွေကို platform (၂) ခုလုံးပေါ်မှာ နားဆင်နိုင်မှာ ဖြစ်သည့်အတွက်လည်း ဝမ်းသာမိပါတယ်။ ဆက်လက်ပြီး ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှေ့ ရှုဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

ဘီဘီစီမြန်မာပိုင်း အစီအစဉ်၏ နှစ်ပတ်တကြိမ် တင်ဆက်နေသည့် မိုဘီဂျီနို၊ ကူးလ်တက် နှင့် ဆန်းသစ်တီထွင် လယ်မြေတခွင် အစီအစဉ်များကို မြန်မာ့အသံက အောက်ဖော်ပြပါ ဇယားအတိုင်း ထုတ်လွှင့်မည် ဖြစ်ပါသည်။ ပထမ သီတင်းပတ်တွင် အစီအစဉ်သစ်ကို တင်ဆက်ပေးပြီး ဒုတိယ သီတင်းပတ်တွင် ယင်းအစီအစဉ်ကို ပြန်လည်တင်ဆက်ပေးမည် ဖြစ်ပါသည်။

မိုဘီဂျီနို၊ တနင်္လာနေ့၊ ညနေ ၃နာရီ ၁၅မိနစ် ကူးလ်တက်၊ အင်္ဂါနေ့၊ နေ့လယ် ၂နာရီ ၂၀မိနစ် ဆန်းသစ်တီထွင် လယ်မြေတခွင်၊ ကြာသပတေးနေ့၊ နံနက် ၁၁နာရီ ၄၅မိနစ်

ဘီဘီစီ ရေဒီယို အစီအစဉ်များကို လှိုင်းတိုမှ၎င်း၊ Asiasat5 ဂြိုဟ်တုတီဗီမှ၎င်း၊ ဖမ်းယူနားဆင်နိုင်သလို bbcburmese.com ဝက်ဆိုက်မှလည်း ဖမ်းယူ နားဆင် နိုင်ပါသည်။ ဘီဘီစီမြန်မာတီဗီကို MNTV ချန်နယ်မှ တနင်္လာနေ့မှ သောကြာနေ့ အထိ ဖမ်းယူကြည့်ရှုနိုင်သလို bbcburmese.com မှာလည်း အချိန်နဲ့ တပြေးညီ ည ၈နာရီ ၄၅မိနစ်မှာ ဖမ်းယူကြည့်ရှုနိုင်ပါသည်။ အခုအချိန်အထိ ဘီဘီစီမြန်မာပိုင်း ဖေ့ဘုတ်ပရိသတ် စုစုပေါင်း ၆.၅သန်း ရှိပြီး ဗိုင်ဗာ ကတဆင့် ဘီဘီစီ သတင်းများကို ကြည့်ရှုသူ ၂သိန်း ရှိပါသည်။ ဘီဘီစီမြန်မာဌာန သတင်းများကို တွစ်တာကလည်း ရယူနိုင်ပါသည်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သည် ဘီဘီစီ ကမ္ဘာ့အသံလွှင့်ဌာန လက်အောက်ရှိ ဘာသာစကား ဌာနတစ်ခုဖြစ်ပါသည်။