မိုင်းယော်ရွာသားသတ်မှု စစ်ခုံရုံးနဲ့စစ်ဆေး

မိုင်းယော်ရှိ ရွာသားတွေ အသတ်ခံရတဲ့နေရာ
Image caption မိုင်းယော်ရှိ ရွာသားတွေ အသတ်ခံရတဲ့နေရာ

လားရှိုးမြိုနယ် မိုင်းယော်ရွာသား ၅ ဦးကိုသတ်လိုက်တဲ့ တပ်မတော်သားတွေကို အရှေ့မြောက်တိုင်း စစ်ဌါနချုပ်မှာ စစ်ခုံရုံးနဲ့ စတင်စစ်ဆေး နေပါတယ်။ ဒီအမှုကို လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌါနချုပ်ရဲ့ စစ်ခုံရုံးမှာ ဩဂုတ်လ ၉ ရက်နေ့က စတင်စစ်ဆေးတာ ဖြစ်ပါတယ်။

စစ်ဆေးခံနေရတဲ့ တပ်မတော်သား တွေကတော့ အမှတ် ၁၀ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌါနမှ တပ်မှူး ဗိုလ်မှူးကြီး မျိုးအောင် ဒုတိယ စစ်ဦးစီးမှူး ဗိုလ်မှူးအောင်နေဖြိုး ဟိုပန်မြို့ အခြေစိုက် ခမရ ၃၆၂ တပ်ရင်းမှူး ဗိုလ်မှူး တင်မျိုးဇော် စရဖ ဗိုလ်ကြီး လင်းနိုင်စိုးတို့ဖြစ်ပြီး တပ်ကြပ်ကြီး စိန်ဝင်းမောင် တပ်ကြပ်ကြီး မောင်အုန်းနဲ့ တပ်ကြပ် မောင်မောင်ထွေးတို့ ဖြစ်တယ်လို့ ဒီအမှုနဲ့ပတ်သက်ပြီး ကူညီပေးနေတဲ့ SNLDပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကိုစိုင်းဝင်းလှိုင်းခမ်းက ပြောပါတယ်။

စစ်ဆေးခံနေရတဲ့ သူတွေအားလုံးကို ရာထူးက ဖယ်ရှားထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ ( ၂ ) / ၃၄ နဲ့ အမှုဖွင့်ထားပါတယ်။ အမှုစတင် စစ်ဆေးတဲ့နေ့မှာတော့ ဒေသခံရပ်မိရပ်ဖ အပါအဝင်၁၃ ဦးကို တက်ရောက် နားထောင်ခွင့် ပေးခဲ့ပါတယ်။ ဒီလိုနားထောင်ခွင့် ရတဲ့သူတွေထဲက မိုင်းယော်ရွားသား တစ်ဦးဖြစ်သူ ဦးစိုင်းလောဝ်ဖက အစစ်ခံတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ ပြောပြရာမှာ စစ်ဆေးနေစဉ် နှစ်ယောက် သေသွားပြီဆိုတော့ ကျန်တဲ့ ၃ ယောက်ကိုလည်း အလောင်းသာ ပြလိုက် ဆိုပြီးဒုတိယ စစ်ဦးစီးက အမိန့်ပေးလိုက်တယ်လို့ ဘီဘီစီကိုပြောပြပါတယ်။

ရွားသား ၅ ဦးကိုတော့ တပ်ကြပ်ကြီးနှစ်ဦးနဲ့ တပ်ကြပ်တစ်ဦးက ဓါးနဲ့တစ်ချက်စီ ထိုးပြီး သတ်ခဲ့တာလို့ ထွက်ဆိုခဲ့ပြီး တပ်ကြပ်ကြီး စိန်းဝင်းမောင် ကတော့အထက်က လုပ်ခိုင်းလို့ လုပ်ရတာဖြစ်တဲ့အတွက် သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့တဲ့ အကြောင်း ဦးစိုင်းလောဝ်ဖရဲ့ ပြောပြချက်အရ သိရပါတယ်။ အမှုကိုတော့ စစ်ခုံရုံးကနေ လျှိုံ့ဝှက် အမိန့်ချမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ