တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးရဲ့ ခရီးစဉ်

ဓာတ်ပုံ မူပိုင် moi
Image caption မစ္စတာ Song Taoရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ရော စစ်တပ်နဲ့ နိုင်ငံရေး ပါတီ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံခဲ့

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ် အစိုးရ ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး မစ္စတာ Song Tao ဟာ သူ့ရဲ့ ၄ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လက်ရှိ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ စစ်တပ် ထိပ်တန်း ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေကို တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ Song Tao ဟာ စစ်အစိုးရ ခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း သြဂုတ်လ ၁၁ရက်က တွေ့ဆုံခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းရေး အခြေအနေ တိုးတက်မှုဟာ အရေးကြီးဆုံး အဆင့်မှာ ရောက်ရှိနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပေမယ့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ မစ္စတာ Song Tao က ပြောကြောင်း သူ့နဲ့ တွေ့ဆုံခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

နှစ်နိုင်ငံအကြား ထိစပ်နေတဲ့ နယ်စပ်ဒေသက ပြဿနာတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေကို တရုတ်အစိုးရက အမြဲ အကဲခတ်နေမှာ ဖြစ်ကြောင်းလည်း မစ္စတာ Song Tao က ပြောတယ်လို့ ဆိုပါတယ်။

မိုင်ဂျာယန်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးမှာ တရုတ်ကွန်မြူနစ် ပါတီ အစိုးရ ကိုယ်စားလှယ် ပထမဆုံးအကြိမ် အင်တိုက်အားတိုက် ပါဝင် ဆွေးနွေးခဲ့တာဟာ ထူးခြားကြောင်းနဲ့ မစ္စတာ Song Tao ရဲ့ ဒီခရီးစဉ်ကတော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်မသွားခင် လာရောက်လေ့လာတာလို့ ယူဆရကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်းမှာ ငြိမ်းချမ်းရေး ကိစ္စရော၊ မြစ်ဆုံ ရေကာတာ စီမံကိန်းကိစ္စ၊ ဂက်စ်ပိုက်လိုင်းကိစ္စ၊ ရထားလမ်း ဖောက်လုပ်ရေး ကိစ္စ စတဲ့ စီးပွားရေး ကိစ္စတွေကိုပါ ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရကြောင်းရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကပြောပါတယ်။