ရှမ်းပြည် လွှတ်တော် အဆောက်အဦသစ် အတွက် သစ်ပင်တွေ မခုတ်ရေး တရားဝင် စာတင်မယ်

taunggyi_hluttaw_new_building_
Image caption ထင်ရှူးပင် ယူကလစ်ပင် တွေနဲ့ ထိန်းသိမ်း အပ်တဲ့ နေရာ ဖြစ်။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ ပြည်နယ် လွှတ်တော် အဆောက်အဦသစ် ဆောက်လုပ်ဖို့ လျာထား ထားတဲ့ နေရာမှာ နှစ်ရှည် ထင်းရှူး တော ရှိနေတဲ့ အတွက် ဒေသခံ တွေ က ကန့်ကွက် နေကြတာမှာ ဩဂုတ်လ ၁၅ ရက်နေ့မှာတော့ ပြည်နယ် အစိုးရ ထံ တရားဝင် ကန့်ကွက်ကြောင်း စာတင် တော့မှာ ဖြစ်တယ်လို့ လှုပ်ရှား နေသူတွေက ပြောပါတယ်။

သစ်တော မခုတ်ထွင်ရေး ဒေသခံ တွေဆီက ကောက်ခံ ထားတဲ့ လက်မှတ် သောင်းကျော် နဲ့ အတူ ကန့်ကွက်လွှာ တင်မှာ ဖြစ်တယ်လို့ ရှင်သန် ကမ္ဘာမြေ အစိမ်းရောင် ကွန်ယက် က ဘီဘီစီကို ပြောပါတယ်။

လွှတ်တော်သစ် ဆောက်မယ့် နေရာဟာ တောင်ကြီးရဲ့ အထင်ကရ နေရာဖြစ်ပြီး ထင်ရှူးပင် ယူကလစ်ပင် တွေနဲ့ ထိန်းသိမ်း အပ်တဲ့ နေရာ ဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းကတော့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌက ကန့်ကွက်လှုပ်ရှား နေသူတွေ ကို ခေါ်ယူ တွေ့ဆုံ ခဲ့ပြီး၊ အဆောက်အဦ သစ် အတွက် တခြား လျာထားထားတဲ့ နေရာ တွေကို ပြသရင်း သဘောထားတွေ တောင်းခံ ခဲ့တယ်လို့ တွေ့ဆုံမှုထဲ ကိုယ်တိုင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်တဲ့ ရှင်သန် ကမ္ဘာမြေ အစိမ်းရောင် ကွန်ယက် ဥက္ကဌ မချယ်ရီကျော် က ပြောပါတယ်။

လှုပ်ရှားသူတွေ အနေနဲ့ကတော့ လွှတ်တော် အဆောက်အဦသစ် ဆောက်လုပ်မယ် ဆိုတဲ့ အချက် အပေါ် ကန့်ကွက် နေတာ မဟုတ်ပဲ၊ ပြည်နယ် အာဏာပိုင်တွေ လျာထားတဲ့ တောင်ကြီးမြို့ အရှေ့ဖျား သစ်တော်ရပ်ကွက် က နေရာ အပေါ်မှာသာ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး အမြင်နဲ့ ကန့်ကွက် ရတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ