ဒေါ်စုခရီးစဉ်မှ တရုတ်တို့ရဲ့မျှော်လင့်ချက်

ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ဝန်ကြီးချုပ်ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံခရီးစဉ်မတိုင်မီ ဒီခရီးစဉ်ကို အရင်သွားရောက်တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာဆီကနေ တရုတ်က ဘာတွေလိုလားသလဲ၊ ဒီခရီးစဉ်က တရုတ်အတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာကို အမေရိကန်အခြေစိုက် Stimson Centre မှ တရုတ်နိုင်ငံခြားရေးမူ နဲ့ အမေရိကန် နဲ့ တရုတ် ဆက်ဆံရေးကို အထူးပြုလေ့လာသူ၊ အရှေ့အာရှရေးရာ အကြီးတန်း သုတေသီ ယွန်ဆန်ကို ကိုသက်ထွေးနိုင်က အခုလိုဆက်သွယ်မေးမြန်း ထားပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို တရုတ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။ ဒီခရီးစဉ်မှာ မြန်မာဆီကနေ တရုတ်က ဘာတွေမျှော်လင့်ပါသလဲ။

ဖြေ - တရုတ်ဘက်က ကြည့်မယ်ဆိုရင်တော့ ဒီခရီးစဉ်က တရုတ်မြန်မာ ဆက်ဆံရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်ဖြစ်လို့လဲဆိုတော့ NLD အစိုးရတက်လာပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်နေလို့ပါ။ သူက တရုတ်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီ သွားတွေ့မှာပါ။ ဒီထက်ပို အရေးကြီးတဲ့အပိုင်းကတော့ စက်တင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မတိုင်ခင် အခုလိုသွားတာ ဖြစ်လို့ပါ။ ဒီဖြစ်စဉ်ကိုကြည့်ရင် တရုတ်ဘက်က သူ့တို့ကို ဦးစားပေးမပေး ဆိုတာကို ကြည့်မှာဖြစ်လို့ အခုတော့ ကျေနပ်မှု ရှိနေမှာပါ။

မေး - ဆိုတော့ တရုတ်ဘက်က ဘယ်လိုအကျိုးအမြတ်တွေနဲ့ ဘာတွေကို ရနိုင်မယ်လို့ သူတို့ တွက်ဆထားတယ်လို့ ထင်လဲခင်ဗျ။

ဖြေ - တရုတ်ဘက်က တခုခုကို အကျိုးအမြတ်ရချင်တာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ သူတို့ရဲ့ မဟာဗျူဟာအဆင့်အရဆိုရင်တော့ တဖက်နဲ့တဖက် ဆက်ဆံတဲ့ပုံစံနဲ့ နှစ်နိုင်ငံသဘောထားအခြေအနေ တိုးတက်ဖို့ ဖြစ်ပါလိမ့်မယ်။ သမ္မတဦးသိန်းစိန်လက်ထက်တုန်းက တရုတ်မြန်မာဆက်ဆံရေးက အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် တရုတ်အစိုးရက ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ပြန်လည်တည်ဆောက်ဖို့ သိပ်ကို စိတ်အားထက်သန်နေတာပါ။

မေး - ဒီအခြေအနေက တရုတ်အတွက် တကယ်ရနိုင်ပါ့မလားခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်သူတွေနဲ့ မြန်မာအလုပ်သမားတွေကြားမှာ တရုတ်အစိုးရနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေမှာ မနှစ်မြို့တာတွေ ရှိနေတယ်လေ။

ဖြေ - မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတွေကြားမှာရှိတဲ့ တရုတ်အပေါ် ပြင်းထန်တဲ့ သဘောထားတွေနဲ့ပတ်သက်လို့ တရုတ်ဘက်က ရုတ်တရက်ဆိုသလို အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒါတွေကတော့ တရုတ်တို့ မြန်မာနိုင်ငံတွင်းမှာ လုပ်ဆောင်နေတဲ့ စီးပွားရေးဆိုင်ရာတင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေရဲ့ သဘောထားတွေအပေါ်ကို အသိအမှတ်ပြုလာတာပါ။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ တရုတ်အပေါ်သဘောထားတွေကို ပြောင်းလဲလာအောင် လုပ်ပေးနိုင်တဲ့သူကတော့ တယောက်ပဲရှိတယ်လို့ ယူဆထားပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။

မေး - ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ မကြာသေးခင်တုန်းက တရုတ်နိုင်ငံခြားရေးဋ္ဌာန အရာရှိက ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ သွားတွေ့လိုက်တာ၊ ဒါဟာ သူတို့ စစ်တပ်နဲ့ ဆက်ဆံရေး ခိုင်ခိုင်မာမာရှိနေသေးတယ်ဆိုတာကို ဒါ ဒေါ်စုမသွားခင်မှာ ပြသလိုက်တဲ့ သဘောလားဗျ။

ဖြေ - ဒါကတော့ စာကြောင်းတကြောင်းထဲနဲ့ ပြောလို့ရပါတယ်။ တရုတ်တို့က မိတ်ဆွေသစ်တွေရှာမယ်။ ဒါပေမယ့် မိတ်ဆွေဟောင်းကိုလည်း မမေ့ဘူးဆိုတာကို ပြသလိုက်တာပါ။ တရုတ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ရော စစ်တပ်နဲ့ပါ ဆက်ဆံရေးပျက်ပြားမှာကို မလိုချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် တဖက်မှာ သူတို့ကိုပစ်ထားတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဒီအတွက်ပါ။

မေး - အဲဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကရော မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးရလဒ်တွေ ဆောင်ကြဉ်းပေးနိုင်မယ်လို့ ထင်လဲဗျ။

ဖြေ - တခုကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တရုတ်တို့ရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ UWSA ဝအဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေကို ၂၁ရာစု ပင်လုံမှာပါဝင်ဖို့ တရုတ်တို့က အားပေးထောက်ခံနေတာ လော်ဘီလုပ်နေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆွေးနွေးနိုင်တာ နောက်တခုကတော့ မြန်မာနိုင်ငံက လျှပ်စစ်မီးမလုံလောက်တဲ့ကိစ္စအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။