ဒေါ်စုရဲ့ တရုတ် ခရီးစဉ် အတွင်း သဘောတူစာချုပ်တွေ လက်မှတ်ထိုး

Daw Aung San Suu Kyi in China ဓာတ်ပုံ မူပိုင် MOFA Facebook
Image caption အခု ခရီးစဉ်မှာ တရုတ်ဖက်က မြစ်ဆုံကိစ္စ ဆွေးနွေးဖွယ်ရှိ

တရုတ်နိုင်ငံ ဘေဂျင်း မြို့တော်မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ သြဂုတ်လ ၁၈ ရက်နေ့က တရုတ် ဝန်ကြီးချုပ် Mr. Li Keqiang နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ဆောင်ရွက်ဆဲ စီမံကိန်းတွေ၊ တပ်မတော်ဖက် ဆိုင်ရာနဲ့ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ် အတွင်း ကွမ်းလုံတံတား တည်ဆောက်ရေး၊ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် နှစ်နိုင်ငံ သဘောတူ စာချုပ်တွေ ကိုလည်း ချုပ်ဆိုခဲ့ ပါတယ်။

တရုတ်နိုင်ငံ ခရီးစဉ် မတိုင်ခင်က ကွမ်းလုံတံတား တည်ဆောက်ရေးနဲ့ ဆေးရုံ နှစ်ရုံ တည်ဆောက်ရေး တို့ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တရုတ်နိုင်ငံနဲ့ ကြိုတင်ညှိနှိုင်း တာတွေ ရှိခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်စစ်နဲ့ ဥပဒေရေးရာဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။

မြန်မာ ပြည်သူတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှုတွေကြောင့် ယာယီ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ စီမံကိန်း ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွင်းမှာ တရုတ်နိုင်ငံဖက်က တင်ပြ ဆွေးနွေးတာတွေ ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မြန်မာ ဖက်ကတော့ မကြာခင်က ဖွဲ့စည်းလိုက်တဲ့ မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းတွေကို လေ့လာသုံးသပ်ရေး ကော်မရှင်ရဲ့ နိုဝင်ဘာလမှာ တင်သွင်းရမယ့် အစီရင်ခံစာ မထွက်လာမချင်း တရုတ် ဖက်ကို ပြန်လည် ဆွေးနွေးနိုင်မှာ မဟုတ်ဘူးလို့ ယူဆကြောင်းလည်း ဒေါ်အေးအေးစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ သြဂုတ်လ ၁၉ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံဖို့ ရှိပြီး ၂၁ ရက်နေ့မှာ မြန်မာ နိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။