မြန်မာပြည် ငွေဖောင်းပွနှုန်း ဂဏန်း ၂ လုံး ဖြစ်လာပြီ

Myanmar busienss
Image caption စားသောက်ကုန်စျေးတွေ တရိပ်ရိပ်တက်နေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၂.၁၄ % ရှိ နေပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အမြင့်ဆုံး ဖြစ်ပါတယ်။

အရင် က ငွေကြေးဖောင်းပွမှုနှုန်း ဟာ တနှစ် တနှစ် ၇% ဒါမှမဟုတ် ၈% လောက်ရှိခဲ့တာပါ။

အခြေခံစားသောက်ကုန်စျေးနှုန်းတွေ တက်လာတာ ကိုအခြေခံပြီး အခုလို ငွေကြေးဖောင်းပွမှုနှုန်းကို ဗဟိုဘဏ် က တွက်ချက်တာ လို့လည်း သိရပါတယ်။

ကုန်စျေးနှုန်းတွေ ကြီးတဲ့ပြဿနာ က အခြေခံလူတန်းစားတွေ အတွက် သိသိသာသာ ထိခိုက် သလို လူမှုရေးမတည်ငြိမ်မှု တာတွေဖြစ်လာမှာ ကိုလည်း စိုးရိမ်ရတဲ့အကြောင်း စီးပွားရေး ပညာရှင်တွေ က သုံးသပ်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန က ဘဏ္ဍာရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်း က ငွေကြေးဖောင်းပွ တာကို ထိန်းနိုင်ဖို့ က ဘဏ္ဍာရေး ဝန်ကြီးဌာန တခု က လုပ်ဆောင်တာ နဲ့တင် မလုံလောက်ပဲ ဗဟိုဘဏ် က ငွေကြေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲတာတွေ ၊ ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်စီးဆင်းမှုမှာ ကုန်ကျစားရိတ် သက်သာလာအောင် တခြားသက်ဆိုင်ရာဝန်ကြီးဌာန တွေ ကလုပ်ဆောင်မှုတွေ လည်း လိုအပ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။