ရခိုင်ပြည်နယ်အရေး ဖြေရှင်းဖို့ အကြံပေး ကော်မရှင်ဖွဲ့

kofi_annan_6 ဓာတ်ပုံ မူပိုင် AFP
Image caption ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်

မြန်မာနိုင်ငံ မှာ အငြင်းပွားစရာ၊ ရှုတ်ထွေး တဲ့ ပြဿနာ တရပ် ဖြစ်နေတဲ့ ရခိုင်ပြည်နယ် အရေးကိစ္စ ကို အဖြေရှာ ဖို့ အတွက် အကြံပေး ကော်မရှင် အဖွဲ့ ဖွဲ့လိုက်တဲ့ အကြောင်း၊ ဦးဆောင်မယ့် သူက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဖြစ်တာ ကို မြန်မာ အစိုးရ က ထုတ်ပြန် ကြေညာ လိုက်ပါတယ်။ ရခိုင်ပြည်နယ် ရှိ ရိုဟင်ဂျာ မွတ်ဆလင် တွေ ဟာ မြန်မာနိုင်ငံသား အဖြစ်ခံယူခွင့် ငြင်းပယ် ခြင်း ကို ပြီးခဲ့တဲ့ လေးနှစ် လုံးလုံး ရင်ဆိုင်ခဲ့ရတဲ့ အပြင် ဗုဒ္ဓဘာသာဝင် တချို့ ရဲ့ တိုက်ခိုက်မှု ကို လည်း ခံခဲ့ရ တဲ့ အတွက် ဒုက္ခသည် စခန်း မှာ လူပေါင်း တသိန်းကျော် ခိုလှုံ နေကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တက်လာတဲ့ အခါ မှာ ရခိုင်က လူမျိုးရေး ဘာသာရေး ပြဿနာ ကို ကိုင်တွယ် ဖြေရှင်းမှု မရှိဘူး ဆိုတဲ့ နိုင်ငံတချို့ ရဲ့ ဝေဖန်မှု တွေ လည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလို မမျှော်လင့် ပဲ အကြံပေး ကော်မရှင် ဖွဲ့လိုက်တဲ့ အတွက် အများ အံအားသင့်စရာ တော့ ဖြစ်သွားပါတယ်။

ရန်ကုန် အခြေစိုက် ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာ ကတော့ အခုလို ကော်မရှင် အဖွဲ့ ဖွဲ့ ဖို့ ဆုံးဖြတ်လိုက်ခြင်း နဲ့ ကိုဖီ အာနန် ကို ဥက္ကဌ အဖြစ် ခန့်အပ်လိုက်ခြင်း ကို ကြည့်မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဟာ ရခိုင် ပြည်နယ် အရေး နဲ့ ပတ်သက် လို့ အကြံသစ် ဉာဏ်သစ် တွေ ကို နားထောင် ဖို့ လိုက်လျောမှု တခု အဖြစ် ပြင်ဆင် လိုက် တဲ့ အတွက် အရင် က မကြုံဖူးတဲ့ အခင်းအကျင်း ဖြစ်တဲ့ အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုဟင်ဂျာတွေ အပေါ် ထားတဲ့ သဘောထား ဟာ တပ်မတော် ကျောထောက် နောက်ခံပြု တဲ့ အရင် အစိုးရ နဲ့ အနည်းငယ် ကွဲပြားမှု ရှိလာတယ် လို့ ဂျိုနာ ဖစ်ရှာ က သုံးသပ်ပါတယ်။

ရခိုင် ပြည်နယ် အရေး ကို ပီပီပြင်ပြင် ဖြေရှင်း တဲ့ အပိုင်း အထိ ရောက်မလာ သေးပေ မဲ့ အရင် က ဖုံးကွယ်ထားမှု ကို တော့ တစိတ်တပိုင်း လှစ်ဟ ပြသ လိုက်တဲ့ သဘော လို့ ဂျိုနာ ဖစ်ရှာ က ပြောပါတယ်။

အဆိုပါ ကော်မရှင် အဖွဲ့မှာ အဖွဲ့ဝင် ကိုးဦး ပါဝင် မှာ ဖြစ်ပြီး နိုင်ငံတကာ မှ သုံးဦး နဲ့ ပြည်တွင်း မှ ခြောက်ဦး ပါဝင် ပါတယ်။ အကြံပေး အဖွဲ့ အနေနဲ့ လည်း ရခိုင်ပြည်နယ် ဘက်ဆီ ကို ခရီးထွက်ယင်း ဒုက္ခသည် စခန်း က ရိုဟင်ဂျာတွေ နဲ့ တွေ့ဆုံဖွယ် လည်း ရှိပါတယ်။