ပြည်ခိုင်ဖြိုးပါတီ ပြန်လည် ဖွဲ့စည်း

Image caption ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌအဖြစ် သမ္မတဟောင်း ဦးသိန်းစိန် နေရာမှာ ၀န်ကြီးဟောင်း ဦးသန်းဌေးကို အစားထိုး တင်မြှောက်

သြဂုတ်လ ၂၃ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဒုတိယအကြိမ် ညီလာခံမှာ ပါတီ ခေါင်းဆောင်ပိုင်းတွေကို ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။

ပါတီရဲ့ ဥက္ကဋ္ဌသစ်အဖြစ် စွမ်းအင်နဲ့ မီးရထား ဝန်ကြီးဌာနတွေမှာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသန်းဌေး၊ ဒုဥက္ကဋ္ဌသစ်အဖြစ် ဦးမြတ်ဟိန်းတို့ကို ရွေးချယ် တင်မြှောက်လိုက်ပါတယ်။

ပါတီ ဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်နဲ့ ဒုဥက္ကဋ္ဌဟောင်း ဦးဋ္ဌေးဦးတို့ အပါအဝင် အရင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်နဲ့ တခြား ထိပ်ပိုင်း ခေါင်းဆောင်တွေ ဖြစ်တဲ့ သူရဦးအေးမြင့်၊ ဦးသောင်း၊ ဦးစိုးသာ တို့ပါဝင်တဲ့ ပုဂ္ဂိုလ် ၉ဦးနဲ့ ပါတီဗဟို နာယကအဖွဲ့(ဗဟိုဦးဆောင် ကော်မတီ)ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။

တခြား ဝန်ကြီးဟောင်းတွေ ဖြစ်ကြတဲ့ ဦးကျော်ဆန်း၊ ဦးသာအေး၊ ဦးစိုးသိန်း တို့ပါဝင်တဲ့ ပါတီ ဗဟို အတိုင်ပင်ခံ အဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။

ပါတီရဲ့ အဓိက အစိတ်အပိုင်းနှစ်ခုဖြစ်တဲ့ ပါတီ စည်းကမ်း ထိန်းသိမ်းရေးနဲ့ ပါတီလုပ်ငန်း စစ်ဆေးရေးအဖွဲ့တွေမှာ ဦးခင်ရီနဲ့ ဦးစိုးနိုင်တို့က ဦးဆောင်သူတွေ အသီးသီး ဖြစ်လာကြပါတယ်။