မိုးကြီးပြီး တောင်ကျ ချောင်းရေကြောင့် လမ်းတွေပိတ်

ဓာတ်ပုံ မူပိုင် moi
Image caption မိုးကြီးပြီး တောင်ကျ ချောင်းရေတွေ ရုတ်တရက် ကျခဲ့တာကြောင့် သွားလာမှုတွေ ခက်ခဲခဲ့

အင်အားပြင်းငလျင် လှုပ်ခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ မြန်မာနိုင်ငံ အထက်ပိုင်းက နေရာတချို့မှာ မိုးကြီးပြီး တောင်ကျချောင်းရေတွေ ရုတ်တရက် ကျခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ယာယီ ပိတ်သွားခဲ့ပါတယ်။

ညောင်ဦးနဲ့ မြင်းခြံအကြား ကားလမ်းမမှာ တောင်ကျချောင်းရေ ဒလဟော လျှံကျ နေတဲ့အတွက် ကားအစင်းတရာလောက် ရှေ့ဆက် မသွားနိုင်ပဲ ပိတ်မိနေခဲ့တယ်လို့ ပုဂံကနေ သတင်းယူပြီး ပြန်လာတဲ့ ဘီဘီစီ သတင်းထောက် ကိုနေလင်းက ပြောပြပါတယ်။

ခေျာင်းလယ်မှာ ပိတ်မိနေတဲ့ ကားတွေကို နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ လူမှုရေးအသင်းတွေက ဝိုင်းဆွဲထုတ်ပေးခဲ့ပြီး လမ်းကြောရှင်းပေးတာတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာလည်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ငမင်ချောင်းရေများ ရုတ်တရက် ကျဆင်း လာပြီး ချောင်းအတွင်း ဖြတ်ကူးနေသည့် ပညာရေးဝန်ထမ်း ကျောင်းဆရာမတွေ ရေစီးနဲ့ မျောပါ ပျောက်ဆုံးနေပါတယ်။ သူနဲ့အတူ ပါတဲ့ နောက်ပညာရေး ဝန်ထမ်းတဦးကိုတော့ ကယ်ဆယ် လိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ငလျင်ဒဏ်ကြောင့် ပြိုကျ ကွဲအက်ခဲ့တဲ့ ပုဂံ ညောင်ဦးက စေတီ ပုထိုးတွေထဲ မိုးရေတွေ ဝင်ပြီး ထပ်မပျက်စီးအောင် အမိုးအကာတွေ မြန်မြန်လုပ်ဖို့ ငလျင်ဘေးသင့် နေရာတွေကို သွားရောက် ကြည့်ရှုခဲ့တဲ့ တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားခဲ့ပါတယ်။

ငလျင်ဒဏ် အထိခိုက်ခံရဆုံး စူဠာမဏိ စေတီတော်မှာတော့ ယူနက်စကို အဖွဲ့နဲ့ ပုဂံဒေသမှာ ရှိတဲ့ ကုမ္ပဏီတွေက မိုးကာ တာလပတ်တွေ၊ ယာယီတဲတွေနဲ့ စစ်ဆေး မှတ်တမ်းတင်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။