ပြည်ထဲရေးရဲ့ ဌာန လွှဲတာ တရားဝင် စာထုတ်မယ်

Image caption ဦးစီးဌာနက ဝန်ထမ်း ခန့်အပ်မှုကို ပြည်ထဲရေး ဝန်ကြီး ကပဲ လုပ်ကိုင်ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီး ဌာန လက်အောက်က အထွေထွေအုပ်ချုပ်ရေးကို တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ရဲ့ လက်အောက်ကို တရားဝင်စာထုတ်လွှဲပြောင်းပေးတော့ မယ်လို့ ဆိုပါတယ်။

လက်ရှိ အချိန်မှာ NLD အစိုးရ အနေနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်တာ တွေကို ပီပီပြင်ပြင် ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ ပြောနေကြပါတယ်။

လူတွေ ရဲ့ အမြင်မှာလည်း တစ်ဘက်က ရွေးကောက်ပွဲ နဲ့ တင်မြှောက် ထားတဲ့ အစိုးရ၊ တစ်ဘက်မှာကလည်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်တဲ့ အုပ်ချုပ်ရေး အဖွဲ့ တို့နဲ့ အစိုးရ ၂ ရပ် အောက်မှာ နေရသလို ဖြစ်နေပါတယ်။

ဝေဖန်မှုတွေ နဲ့ အစိုးရ အဖွဲ့ရဲ့ လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိလာတဲ့ အတွက် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က ဦးစီးဌာန တွေကို ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် တွေရဲ့ လက်အောက် ကို ပြောင်းပေး လိုက်တာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်က အရပ်သား ဝန်ကြီးချုပ် တွေရဲ့လက်အောက်ကို လွှဲပြောင်း ပေးတော့မှာ ဖြစ်ပေမယ့် ပြည်ထဲရေး ဝန်ကြီး ကပဲ ညွှန်ကြားချက်တွေ ဆက်ထုတ် နေမှာ ဖြစ်တဲ့ အတွက် ကြီးမားတဲ့ အပြောင်းအလဲ မျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

အမြင်အားဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန ရဲ့ ဦးစီးဌာနတွေက ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် တွေရဲ့လက်အောက်မှာ ရှိတယ် ဆိုပေမယ့် ပြည်ထဲရေး ဝန်ကြီးဌာန က သာ ဆက်လက် ကိုင်တွယ်သွားမှာပါ။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်း ခန့်အပ်မှုကို ပြည်ထဲရေး ဝန်ကြီး ကပဲ လုပ်ကိုင်ဆောင်ရွက်မှာ လို့ ၉၀ ခုနှစ် အမတ်များ အဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ် လှမြင့် က ပြောကြားပါတယ်။

ပြည်နယ်တိုင်း ဝန်ကြီးချုပ် တွေဟာ တာဝန် သဘောအရ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်ပြီး နိုင်ငံတော် သမ္မတ က တဆင့် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရတာ ဖြစ်ပါတယ်။

တာဝန် သဘောအရ ရာထူး ရှိပေမယ့် အုပ်ချုပ်ရေး အဖွဲ့ ရဲ့ လုပ်ပိုင်ခွင့်ကို ပေးမထား တာကြောင့် အခုမှ လွှဲပြောင်း ပေးတဲ့ သဘောမျိုး ဖြစ်တယ် လို့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ မဆိုင်ပဲ အုပ်ချုပ်ရေး အာဏာမှာ သမ္မတ က နိုင်ငံတော် အကြီးအကဲ၊ အုပ်ချုပ်ရေး ဌာနရဲ့ အကြီးအကဲ ဖြစ်တော့ အုပ်ချုပ်ရေး နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့် ကို သမ္မတမှာ လုပ်ပိုင်ခွင့် ရှိပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၉၉(ခ) ၁ နဲ့ ၂ တွေ အရ နိုင်ငံတော် သမ္မတ ဟာ သူ့ရဲ့ အုပ်ချုပ်ခွင့် အာဏာကို ပြည်နယ်တိုင်း ဒေသကြီးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ တွေကို ခွဲဝေပေးနိုင်ပါတယ်။

နိုင်ငံတော် သမ္မတ ဟာ ဝန်ထမ်း အဖွဲ့အစည်းတွေကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်း နိုင်တယ်လို့ ဆိုပါတယ်။

အရင်တုန်းက အထွေထွေ အုပ်ချုပ်ရေး နဲ့ နယ်လုံ ဝန်ကြီးတွေက ပူးတွဲပြီး အုပ်ချုပ်ရေး ကိစ္စတွေကို ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်း က နယ်လုံ ဝန်ကြီးတွေက တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်ပါတယ်။

အုပ်ချုပ်ရေး ကို ကာကွယ်ရေး က တိုက်ရိုက် ကြီးကြပ် ထိန်းသိမ်း ထားရာက အခြေခံ ဥပဒေ ဘောင် အတွင်း ကနေ ပြည်သူ့ အုပ်ချုပ်ရေး ပုံစံ တဆင့်ရှေ့တိုးတာမျိုး ဖြစ်တယ်လို့ ဦးကိုနီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ