ကာချုပ်က ကိုဖီအာနန်ကို ဘာကြောင့်တွေ့တာလဲ

Kofi Anan and Senior General Min Aung Hlaing ဓာတ်ပုံ မူပိုင် Sr General Min Aung Hlaing FB
Image caption မစ္စတာ အာနန်နဲ့ တွေ့ဆုံစဉ် ရခိုင်အရေး တပ်မတော်ဖက်က သဘောထားတွေ ကာချုပ်ပြောခဲ့

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ စက်တင်ဘာလ ၈ ရက်နေ့က သမ္မတ ဦးထင်ကျော်နဲ့ရော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသား ပညာရှင်တွေ ပါနေတာကို ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် အမတ်တချို့ရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ အချိန်မှာ ကာကွယ်ရေး ဦးစီးချုပ်က သူ့ကို တွေ့ဆုံတာဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်က မစ္စတာ အာနန်ကို တွေ့ဆုံတာဟာ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို တပ်မတော်ဖက်က လက်ခံတယ်လို့ ဆိုနိုင်ကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

မစ္စတာ အာနန်ကို တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင် အရေးဆောင်ရွက်ရာမှာ ရခိုင်တိုင်းရင်းသားတွေက လက်ခံ နိုင်ဖို့ အဓိကဖြစ်ကြောင်းနဲ့ မြန်မာ နိုင်ငံတွင်းက အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုမှာ ဘင်္ဂါလီ လူမျိုး မပါဝင် ကြောင်း ပြောခဲ့ပါတယ်။

ဒါကို NLD အပါအဝင် မြန်မာ နိုင်ငံတွင်းက နိုင်ငံရေး အင်အားစုတွေ အားလုံးလိုလိုက အငြင်းပွားတာ မရှိဘူးလို့ ဦးစည်သူအောင်မြင့်ကပြောပါတယ်။

ရိုဟင်ဂျာတွေက သူတို့ဟာ မြန်မာ နိုင်ငံတွင်းမှာ နှစ်ပေါင်းများစွာနေလာခဲ့တဲ့ တိုင်းရင်းသား လူမျိုး ဖြစ်တယ်လို့ ပြောနေကြတာပါ။

ဗိုလ်ချုပ်မှူးကြီး ကလည်း အဲဒီလူတွေဟာ ဗြိတိသျှကိုလိုနီ ကာလက စိုက်ပျိုးရေး လုပ်ဖို့ ဘင်္ဂလားဒေသက ခေါ်လာတဲ့ ဘင်္ဂါလီတွေ ဖြစ်ကြောင်းနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးနေတယ် လို့လည်း မစ္စတာ အာနန်ကို ပြောခဲ့ပါတယ်။

ဦးစည်သူ အောင်မြင့်ကတော့ အရင် အစိုးရ အဆက်ဆက်က နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေကိုတိတိကျကျ လုပ်ခဲ့မယ်ဆိုရင် အခုချိန်မှာ ဒီလို ပြဿနာတွေ အခုလောက်ထိ ဖြစ်လာစရာ မရှိဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ရှိနေတဲ့ မွတ်ဆလင်တွေဟာ ဘယ်အချိန်က မြန်မာ နိုင်ငံမှာ စတင် အခြေချတယ်၊ ဘယ်အချိန်က ရောက်လာတယ်၊ လူဦးရေ တိုးပွားမှုနှုန်းကရော မြန်မာ တစ်နိုင်ငံလုံးက တခြား တိုင်းရင်းသား လူမျိုးတွေရဲ့ တိုးနှုန်းနဲ့ ယှဉ်ရင် ဘယ်လိုလဲ၊ ရိုဟင်ဂျာ တကယ် ရှိသလား မရှိဘူးလား ဆိုတာတွေကို ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က ဝင်ရောက် ကိုင်တွယ် ဖြေရှင်းပေးနိုင်မယ်လို့ ယူဆကြောင်း လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ