မြစ်ဆုံစီမံကိန်းကို အပြီးရပ်ဆိုင်းစေလို

Myitsone Dam ဓာတ်ပုံ မူပိုင် bbc
Image caption မြစ်ဆုံ ဒေသကို ရေအားလျှပ်စစ် စီမံကိန်း လေ့လာရေး ကော်မရှင် သွားရောက် လေ့လာမယ်

ဧရာဝတီ မြစ်ဆုံ ရေကာတာစီမံကိန်း ဖျက်သိမ်းပေးဖို့ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေက တောင်းဆိုလိုက် ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းကို အစိုးရက ရာသက်ပန် ရပ်ဆိုင်းပေးဖို့ မေခနဲ့ မေလိခ ဆုံတဲ့ ဧရာဝတီ မြစ်ဆုံမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ဒေသခံတွေက သဘောထားတွေ ထုတ်ဖော်ပြောခဲ့ ကြတာဖြစ်ပါတယ်။

စီမံကိန်း အနီးတဝိုက်က ပြောင်းရွှေ့ခံရတဲ့ ဒေသခံတွေက သူတို့ စားဝတ်နေရေး အခက်ခဲတွေ ကြောင့် မူရင်းနေရပ်မှာ ပြန်လည် နေထိုင်ခွင့် ရလိုကြတယ်၊ ပြန်လည် နေထိုင်ခွင့် ရအောင်လည်း ကြိုးစား သွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဆောင်ပါခဲ့တဲ့ တန်ဖဲ ကျေးရွာက ဒေါ်ဂျာခေါန်က ပြောပါတယ်။

အစိုးရကတော့ ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ်သုံးသပ်ရေး ကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လက ဖွဲ့စည်းပြီး လေ့လာ စုံစမ်းမှုတွေ လုပ်နေပါတယ်။

ကော်မရှင်ရဲ့ အစီရင်ခံစာ တင်တဲ့ အခါ ဒေသခံ ပြည်သူတွေရဲ့ သဘောထား တွေကို ထည့်သွင်းစဉ်းစားဖို့လည်း ပါရှိပါတယ်။

ဒေသခံတွေကတော့ အစိုးရရဲ့ ကော်မရှင်ဟာ ဒေသခံတွေရဲ့ သဘောထားတွေကို ဘယ်လောက် မေးမြန်း ရယူမယ်ဆိုတာ မသေချာတဲ့ အတွက် အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အများသိအောင် ထုတ်ဖော်ပြောရတာလို့ ဒေါ်ဂျာခေါန် က ပြောပါတယ်။ လောလောဆယ်မှာ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ်သုံးသပ်ရေး ကော်မရှင်က စီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး အခု ရက်ပိုင်းမှာ ကချင် ပြည်နယ်က စီမံကိန်းဒေသတဝိုက် ကို သွားရောက် လေ့လာမှုတွေ လုပ်ဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ