ရခိုင်ကော်မရှင်အရေး ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးမယ်

ANP Party
Image caption ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသား ပါတီ အင်အားကောင်းလို့ အဆိုနိုင်ဖွယ်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဆွေးနွေးဖို့ ရခိုင်အမျိုးသား ပါတီ လွှတ်တော် ကိုယ်စားလှယ် ၁၃ ယောက်က တောင်းဆိုတဲ့ အတွက် စက်တင်ဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကို ဖွဲ့စည်းရာမှာ ရခိုင်ပြည်နယ် အတွင်းက ရခိုင်တိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသား နိုင်ငံသားတွေရဲ့ သဘောတူညီချက် ရယူခဲ့ခြင်း မရှိတဲ့ အတွက် အဖွဲ့ ဖွဲ့စည်းမှုနဲ့ ဖြစ်တည်မှုနဲ့ လုပ်ဆောင်မှုတွေ အားလုံးကို ရခိုင်ပြည်နယ် လွှတ်တော်က အသိအမှတ် မပြုနိုင်တာလို့ အဆိုတင်သွင်းသူ စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးက ဘီဘီစီကို ပြောပါတယ်။

ဒီအဆိုကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။

အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသား သုံးယောက် ပါဝင်နေတဲ့ အတွက် ပြည်တွင်းက တတ်သိပညာရှင်တွေနဲ့ ပြန်လည် ဖွဲ့စည်းဖို့ ပြည်သူ့ လွှတ်တော်မှာ အဆိုတင်ခဲ့ရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ ပြည်နယ် လွှတ်တော်မှာတော့ ရခိုင်အမျိုးသား ပါတီက အင်အားများတဲ့ အတွက် အဆို အောင်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ပြည်နယ်လွှတ်တော်မှာလည်း အဆိုတင်တာ၊ မေးခွန်းမေးတာနဲ့ ဥပဒေကြမ်း တင်သွင်းတာတွေ လုပ်နိုင်ခွင့် ရှိတဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရခိုင်ပြည်နယ် တဝန်းမှာ အကျိုး သက်ရောက်မယ့် အဆို ဖြစ်လာလိမ့်မယ်လို့ ယခင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တရားလွှတ်တော် ရှေ့နေ ဦးသိန်းညွှန့်က သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာလည်း ဒီကော်မရှင်နဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ် ကန့်ကွက်မှုတွေရှိနေပါတယ်။

ကော်မရှင်ကတော့ မြန်မာ အစိုးရကို အကြံပေးရုံ သက်သက်သာ ဖြစ်ပြီး အစီရင်ခံစာ ရေးသားရာမှာလည်း ဘက်လိုက်မှု ကင်းအောင် ဆောင်ရွက်သွားမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ