မြန်မာနိုင်ငံမှာ လူကုန်ကူးမှု ပြဿနာ ဆက်ရှိနေဆဲ

Image caption လူကုန်ကူးခံရတာတွေ ငါဖမ်းစက်လှေတွေပေါ်မှာလဲ ဖြစ်နေ

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု ၁၂၇မှုဖြစ်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ပထမတန်းဦးစီးအရာရှိ ဒုရဲမှူးကြီးသက်နောင်က ဘီဘီစီကို ပြောပါတယ်။

ဒီတပတ်ဟာ လူကုန်ကူးမှု ကာကွယ်တားဆီးရေး ရက်သတ္တပတ်ဖြစ်ပြီး ၂၀၁၅ စက်တင်ဘာ ၁၃ရက်နဲ့ ၂၀၁၆ စက်တင်ဘာ ၁၃အကြား အဖွဲ့မှတ်တမ်းအရ ဖြစ်ပွားခဲ့တဲ့ အမှု အရေအတွက်ကို ဒုရဲမှူးကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

လူကုန်ကူးမှု ဖြစ်စဉ်တွေဟာ မှတ်တမ်းအရ နှစ်စဉ် ၁၃၀ ဝန်းကျင်ရှိနေပြီး ကာကွယ်တားဆီးရေး အစီအစဉ်တွေ ရှိနေပေမယ့်လည်း ကျဆင်းမသွားပဲ ဖြစ်နေပါတယ်။

လူကုန်ကူးမှုတွေဟာ အများအားဖြင့် ပြည်တွင်းမှာပဲ လူကုန်ကူးခံရတာ အပါအဝင် ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို လုပ်အားခေါင်းပုံဖြတ်ပြီး ခေါ်ဆောင်ခံရတာနဲ့ တရုတ်နိုင်ငံကို အဓမ္မထိမ်းမြားဖို့အတွက် အမျိုးသမီးငယ်တွေ ပို့ဆောင်ခံရတဲ့ ပုံစံမျိုးနဲ့ ဖြစ်တတ်တယ်လို့ ဦးသက်နောင်က ပြောပါတယ်။

ကာကွယ်တားဆီးရေးအပိုင်းအတွက် ပြည်သူ့သတင်းပေးတာတွေ၊ ခရီးသွားလမ်းကြောင်းတွေမှာ ကြိုတင်ထောက်လှမ်းတာတွေနဲ့ လူကုန်ကူးခံရပြီး ပြန်ရောက်လာတဲ့သူတွေဆီက အချက်အလက် ယူတာတွေကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က လုပ်ဆောင်နေပေမယ့်လည်း ပြဿနာတွေ ဆက်ရှိနေဆဲ ဖြစ်တဲ့အတွက် အကြောင်းရင်းကို ဆက်လက်စဉ်းစားစရာ ဖြစ်နေပါတယ်။