ဒုက္ခသည် စခန်းတွေကို စစ်တပ် ဝင်ရောက်စစ်ဆေး

Image caption စ်ဘေးရှောင် ခိုလှုံသူတွေကို ခြိမ်းခြောက် သလို ဖြစ်နေတယ်လို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက် က ဝေဖန်

ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေ က စစ်ဘေးရှောင် ဒုက္ခသည် စခန်း တွေ ထဲ ကို အစိုးရ တပ်မတော် က ဝင်ရောက်ပြီး စစ်ဆေး မေးမြန်းတာတွေ၊ ဓာတ်ပုံ ရိုက် ယူ တာတွေ ပြုလုပ် ခဲ့ပါတယ်။

အဲဒီလို လုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေ တွေ ကို ချိုးဖောက်တာ ဖြစ်တယ် ဆိုပြီး ကချင် ငြိမ်းချမ်းရေး ကွန်ရက် က ဝေဖန် လိုက်ပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ်မှာ ရှိတဲ့ စန်းမော် ဒုက္ခသည် စခန်း နဲ့ ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်မှာ ရှိတဲ့ ဘန်လုံ ဒုက္ခသည် စခန်းတွေကို အစိုးရ တပ်မတော်က ဝင်ရောက် စစ်ဆေး ခဲ့တာပါ။

၂၀၁၁ ခုနှစ်က ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း တွေမှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အဲဒီ စခန်းတွေမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ နေထိုင် နေကြရတာပါ။

ဘန်လုံ ဒုက္ခသည် စခန်းမှာ စစ်ဘေး ကို ထွက်ပြေး တိမ်းရှောင် နေရသူ လူဦးရေ ၅၀၀ ကျော် ရှိပြီး စန်းမော် စခန်းမှာတော့ လူဦးရေ ၁၄၀ ကျော် ရှိပါတယ်။

အဲဒီ စခန်းတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေကို ရိုမန်ကက်သလစ် ခရစ်ယန် အသင်းတော် က စောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ က ရှမ်းပြည်မြောက်ပိုင်း က ဒုက္ခသည် စခန်း ကို အစိုးရ တပ်မတော် က ရောက်လာပြီး စစ်ဆေး မေးမြန်း တာတွေ၊ မှတ်တမ်း ဓါတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် က စန်းမော် စခန်းကိုတော့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ် လို့ ဆိုပါတယ်။

အရင်တိုက်ပွဲတွေ ပြင်းထန် နေတဲ့ အချိန်မျိုးမှာလည်း စစ်တပ် က ဝင်ရောက် စစ်ဆေး တာတွေ လုပ်လေ့ ရှိတယ်လို့လည်း စခန်း တာဝန်ခံ တစ်ယောက် က ပြောပါတယ်။

အစိုးရ စစ်တပ် ရဲ့ စစ်ဆေးကြောင့် စစ်ဘေးရှောင် ခိုလှုံသူတွေကို ခြိမ်းခြောက် သလို ဖြစ်နေတယ်လို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက် က ဝေဖန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ