PGM ဆက်ထားသင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ပြော

PGM UN ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၀၇ တုန်းက ဖွဲ့တဲ့ မြန်မာမိတ်ဆွေများအဖွဲ့ကနေ ၂၀၁၃ မှာ PGM ကို ဖွဲ့စည်းခဲ့

မြန်မာ့အရေးအတွက် အကြံပြုတိုက်တွန်းတာတွေ၊ ကူညီဆောင်ရွက်တာတွေလုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဦးစီးပြီး ဖွဲ့စည်းထားတဲ့ မြန်မာ့နိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီဆိုင်ရာ မိတ်ဖက်နိုင်ငံများအဖွဲ့ (PGM) ကို ဖျက်သိမ်းဖို့အချိန်ရောက်မရောက် စဉ်းစားသင့်ကြောင်း မစ္စတာဘန်ကီမွန်းက စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ အဲဒီအဖွဲ့ရဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်ကလည်း မြန်မာနိုင်ငံက နိုင်ငံရေးတိုးတက်မှုတွေကြောင့် ကုလသမဂ္ဂအနေနဲ့ ယန္တရားအများအပြားနဲ့ မြန်မာနိုင်ငံကို စောင့်ကြည့်ဖို့မလိုတော့ကြောင်း ပြောခဲ့ပါတယ်။

မြန်မာပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီက အထွေထွေအတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်ကတော့ PGM အဖွဲ့ ဆက်ထားသင့်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီအစိုးရတက်လာတယ်ဆိုပေမယ့် စစ်တပ်ရဲ့ လွှမ်းမိုးမှု ရှိနေသေးကြောင်း၊ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ပေမယ့် တိုက်ပွဲတွေ ဒီနေ့ထိ ဆက်ရှိနေသေးကြောင်း၊ လူ့အခွင့်အရေး အခြေအနေတွေကလည်း နိမ့်ကျနေသေးကြောင်း၊ ဒါကြောင့် စိတ်ချရတဲ့ အနေအထားတစ်ခုရောက်မှ နိုင်ငံတကာဘက်က စောင့်ကြည့်တာတွေ ရပ်ဆိုင်းသင့်တယ်လို့ သူက ပြောပါတယ်။

PGM အဖွဲ့ဆိုတာကတော့ မြန်မာနိုင်ငံမှာ ၂၀၀၇ သံဃာ့အရေးအခင်းဖြစ်ပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဖွဲ့ထားတဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖြစ်ကနေ ၂၀၁၃ တုန်းကတော့ PGM ဆိုပြီး အဖွဲ့ဝင် ၁၅ နိုင်ငံနဲ့ ပြောင်းလဲ ဖွဲ့ခဲ့ပါတယ်။

PGM အဖွဲ့ထဲမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား တို့အပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်း စတဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေလည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ