မြန်မာ့လူဦးရေတိုးနှုန်း ကျဆင်း

census ဓာတ်ပုံ မူပိုင် llks
Image caption ၂ဝ၁၄ သန်းခေါင်စာရင်းအချက်တွေ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းပြီး လူဦးရေ တိုးပွားနှုန်းလည်း ကျဆင်း လာနေတယ်လို့ သန်းခေါင် စာရင်း စစ်တမ်းတွေက ဆိုပါတယ် ။

၂ဝ၁၄ မှာ ကောက်ယူခဲ့တဲ့ လူဦးရေ သန်းခေါင်စာရင်းနဲ့ အိမ် အကြောင်းအရာ အစီရင်ခံစာထဲက မွေးဖွားနှုန်း၊ လူဦးရေတိုးနှုန်းနဲ့ သေဆုံးနှုန်း ဆိုင်ရာ အချက်အလက် တွေကို လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမား ဝန်ကြီး ဌာနက အင်္ဂါနေ့က ထုတ်ပြန် လိုက်ပါတယ် ။

ကောက်ယူရရှိထားတဲ့ စစ်တမ်း အရ မြန်မာနိုင်ငံမှာ အမျိုးသမီးတဦးဟာ ပျမ်းမျှ ကလေး နှစ်ယောက်ခွဲနှုန်းပဲ မွေးတော့တယ် လို့ ဆိုပါတယ်။

၁၉၅၀ နဲ့ ၁၉၆ဝ ခုနှစ်က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အမျိုးသမီးတဦး ကလေးမွေးနှုန်းဟာ ပျမ်း မျှ ၅ ဦးနဲ့ ၄ ဦးနှုန်း ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ အမျိုးသမီးတဦးရဲ့ မွေးနှုန်းဟာ ၁ ဒသမ ၄ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံမှာ ၂ ယောက်ခွဲနှုန်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂ ဒသမ ၂ ယောက်နှုန်း မွေးနေပါတယ် ။

ဒါကြောင့် မြန်မာအမျိုးသမီးတွေရဲ့ မွေးနှုန်း ကျဆင်းနေတယ်လို့ ပြောလို့မရပါဘူး ။

၁ နှစ် ကနေ ၅ နှစ်ကြား ကလေးတွေရဲ့သေနှုန်း မြင့်မားနေဆဲ ဖြစ်တာကြောင့် လူဦးတိုးပွားနှုန်း ကို ကျဆင်း စေတဲ့ အကြောင်း ဖြစ်တယ်လို့ သန်းခေါင်စာရင်း ပညာရှင် ဦးညီညီက ပြောပါတယ် ။

မြန်မာနိုင်ငံမှာ ၅ နှစ်အောက် ကလေးတွေရဲ့ သေနှုန်းဟာ လူတထောင်မှာ ပျမ်းမျှ ၇၂ ယောက်ရှိနေတယ်လို့ သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ် ။

ဒါ့အပြင် လူဦးရေ တိုးနှုန်း ကျဆင်းတဲ့ အချက်တွေထဲမှာ အသက် ၃ဝ ကျော် အမျိုးသားတွေရဲ့ သေဆုံးနှုန်း မြင့်တက်နေတာ ပါဝင်ပါတယ် ။

အခုလို မြန်မာနိုင်ငံမှာ လူဦးရေ တိုးနှုန်း ကျဆင်းနေတဲ့ အတွက် အစိုးရက နိုင်ငံနဲ့ ကိုက်ညီမယ့် လူဦးရေ မူဝါဒ အမြန်ရေးဆွဲဖို့ လိုအပ်နေပြီလို့ ပညာရှင်တွေက သုံးသပ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ