ကော့တောင်ကျွန်း လူသတ်မှု အယူခံ အခြေအနေကောင်း

ဓာတ်ပုံ မူပိုင် EPA

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ သေဒဏ် ချခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက် အယူခံဝင်ထားရာမှာ ကောင်းတဲ့ အလားအလာ ရှိတယ်လို့ တရားခံဖက်က ဥပဒေ အကျိုးဆောင်ပေးနေတဲ့ ဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောပါတယ်။

ထိုင်းနိုင်ငံ အယူခံ တရားရုံးက အမှုကို ပြီးခဲ့တဲ့ ငါးလပိုင်းက လက်ခံခဲ့ပြီး တရားလို အစိုးရ ရှေ့နေတွေကို တရားသူကြီးက ကြားနာ စစ်ဆေးတာဟာ အင်္ဂါနေ့က စစ်ဆေးတာ အပါအဝင် ကိုးကြိမ်ရှိပြီ ဖြစ်ပါတယ်။

တရားခံဘက်က ရှေ့နေကိုတော့ အယူခံတရားရုံးက ခေါ်ယူခြင်း မရှိသေးပါဘူး။

အခုလို တရားခံဘက်ကို မမေးသေးပဲ အစိုးရရှေ့နေတွေကို တရားသူကြီးဘက်က မရှင်းလင်းတာ၊ သံသယဖြစ်တာတွေ အကြိမ်ကြိမ် ခေါ်ယူမေးမြန်းတာ ဖြစ်လို့ ကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ ဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောပါတယ်။

ဒီအယူခံ လျှောက်လွှာတွေ တင်သွင်းရာမှာ အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ထဲက အချက် သုံးဆယ်နီးပါးက အားနည်းချက်တွေ ရှိနေကြောင်း ထောက်ပြပြီး အယူခံတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါတွေကို တရားသူကြီးက ရုံးအမှုတွဲနဲ့ ယှဉ်တွဲ လေ့လာပြီး မေးမြန်းလိုတဲ့ဘက်ကို ခေါ်ယူ မေးမြန်းတာ ဖြစ်ပါတယ်။

တရားခံဘက်က ရှေ့နေကို မေးမြန်းလာရင်လည်း ဖြေဆိုနိုင်တာတွေကို ဖြေဆိုပြီး မဖြေနိုင်တာတွေကိုလည်း ရက်ချိန်းတောင်းပြီး အချိန်ယူ ဖြေဆိုသွားမယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

နောက်နှစ် နှစ်ဆန်းပိုင်းလောက်မှာ အယူခံရုံးဘက်က ဆုံးဖြတ်ချက် ချမယ်လို့ ခန့်မှန်းထားပြီး ဆုံးဖြတ်ချက်ကို သဘောမတူရင် တရားရုံးချုပ်ကို အယူခံထပ်တင်ဖို့ အစီအစဉ်ရှိတယ်လို့ ဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ