တအာင်း ရွားသားတွေကို RCSS က ပစ်မှတ်ထား နေတယ်လို့ စွပ်စွဲ

_taang_palaung_rcss_ssa_
Image caption တအာင်း အရပ်ဘက် အဖွဲ့တွေ စုပေါင်းလို့ ရန်ကုန် ကို ဆင်းလာပြီး သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA စစ်တပ်က တအာင်း ပလောင်နယ်မြေ တွေမှာ စစ်သားသစ် အဓမ္မ စုဆောင်းတာ၊ ဒေသခံတွေကို မတရား ဖမ်းဆီး ထိန်းသိမ်းတာ၊ ခြိမ်းခြောက်တာ တွေ ပြုလုပ် နေတယ် ဆိုပြီး တအာင်း အရပ်ဘက် အဖွဲ့အစည်းတွေက စွပ်စွဲ လိုက်ပါတယ်။

တအာင်း မျိုးနွယ်စု တွေ အပေါ် အခုလို ပစ်မှတ်ထား ကျူးလွန် နေတာတွေကို အများ သိရှိ အောင်ဆိုပြီး တအာင်း အရပ်ဘက် အဖွဲ့တွေ စုပေါင်းလို့ စက်တင်ဘာ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ က ရန်ကုန် ကို ဆင်းလာ ကြပြီး သတင်းစာ ရှင်းလင်း ပွဲလည်း ပြုလုပ် သွားပါတယ်။

တအောင်း ပလောင်တို့ ကိုယ်ထူကိုယ်ထ တူထောင်ထားတဲ့ စာသင် ကျောင်းတွေကိုပါ RCSS/SSA အဖွဲ့က ပိတ်ပစ်ပြီး၊ စာသင်ပေးတဲ့ ဘုန်းတော်ကြီး တွေကိုလည်း ဖမ်းဆီး တာတွေ ပြုလုပ် နေတယ်လို့လည်း အဲဒီ့ သတင်းစာ ရှင်းလင်းပွဲမှာ စွပ်စွဲ ပြောဆို ခဲ့ပါတယ်။

ဒီပြောဆို မှုတွေဟာ တစ်ဘက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ RCSS/SSA ဘက်က ငြင်းဆို လိုက်ပြီး တိကျ ခိုင်လုံတဲ့ သက်သေ အထောက်အထား တွေ ပြသဖို့လည်း တောင်းဆို ပါတယ်။

တအာင်း လူမျိုးစု တွေ ဖော်ဆောင်လိုတဲ့ ပညာရေး ပုံစံမျိုးကို RCSS/SSA နဲ့ လာရောက် ညှိနှိုင်း ပြီး ပူးပေါင်း ဆောင်ရွက် နိုင်တယ်လို့လည်း RCSS ပြောခွင့်ရ ဗိုလ်မှုးကြီး စိုင်းလှ က ဘီဘီစီ ကို ပြောပါတယ်။

ရှမ်းပြည်နယ် အတွင်းမှာ ဝ၊ မိုင်းလား၊ တအာင်း၊ ကေအိုင်အေ နဲ့ ရှမ်း လက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှား နေပြီး၊ အဲဒီ့ အဖွဲ့တွေကြား နယ်မြေ ပိုင်စိုးမှု နဲ့ အကျိုးစီးပွား ပြဿနာ တွေ ရှိနေ ကြတယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

လက်နက်ကိုင် တပ်ချင်းကြား ထိတွေ့ ပစ်ခတ်တာတွေ ပေါ်ပေါက် လေ့ ရှိသလို၊ အစိုးရ စစ်တပ်နဲ့လည်း တိုက်ပွဲတွေ ဖြစ် ပေါ် လေ့ ရှိပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို ဒေသခံ အရပ်သားတွေ ခံနေကြရတယ် လို့ လည်း သုံးသပ်မှု တွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ