UNFC နဲ့ ငြိမ်းချမ်းရေး ကော်မရှင် မေတ္တာ သက်ဝင်နေပြီလို့ဆို

peace_commission_meets_unfc ဓာတ်ပုံ မူပိုင် Peace Commission FB
Image caption ဆွေးနွေးပွဲက အပြုသဘောဆောင်တယ်လို့ နှစ်ဖက် ပြောဆို

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေညာမှ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက အပစ်ရပ် လက်မှတ် ရေးထိုး မယ်လို့ ပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့က UNFC ရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆိုပြုမှု ၉ ချက်ကို DPN ဖက်က ငြိမ်းချမ်းရေး ကော်မရှင်ကို တင်ပြခဲ့ တယ်လို့ DPN ရဲ့ ဒုတိယ အဖွဲ့ ခေါင်းဆောင် ဖြစ်သူ SSPP/SSA ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့က ဗိုလ်ချုပ် စိုင်းထူးက ပြောပါတယ်။

အဲဒီ အဆိုပြုချက် တွေထဲက အရေးကြီးတဲ့ အပိုင်းတွေနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ဖို့ လိုအပ်တယ်လို့ ယူဆတဲ့ အခြေအနေတွေ၊ NCA စာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ဆောင်ရွက်မယ့် လုပ်ငန်းစဉ် တချို့ စတာတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်က ပြောပါတယ်။

UNFC ဖက်က တင်ပြချက်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချတာမျိုး မဟုတ်ဘဲ အဆိုပြုချက်တွေကို ဘယ်လို နည်းနဲ့ ချဉ်းကပ်ကြမလဲ ဆိုတာကိုသာ အဓိက ဆွေးနွေး ကြတယ်လို့ သူက ပြောပါတယ်။

လောလောဆယ် အခြေအနေမှာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့ ကြား နှစ်ဦး နှစ်ဖက် အပြုသဘော နားလည်မှုတွေနဲ့ ခင်မင် နှစ်သက်မှုတွေ ရှိနေပြီဖြစ်ပြီး အနာဂတ် ပန်းတိုင်ကို လျှောက်လှမ်းကြမယ့် လမ်းကြောင်းတွေကို ယေဘုယျ ဆွေးနွေးခဲ့ကြပြီး ဖြစ်ပေမဲ့ ဘယ်တော့ လက်မှတ်ရေးထိုးမယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဦးအောင်ကြည်က ပြောပါတယ်။

လူငယ်စကားနဲ့ ပြောရရင် "ဘယ်တော့ မင်္ဂလာဆောင်မယ်ဆိုတာ ကျွန်တော်တို့ မစဉ်းစားနိုင်သေးဘူး၊ မင်္ဂလာဆောင်ပြီးရင် ဘာတွေ လုပ်ကြမလဲ ဆိုတဲ့ အပိုင်းကိုတော့ စဉ်းစား နေကြပါပြီ" လို့ ဦးအောင်ကြည်က ပြောပါတယ်။

နောက်ပိုင်းမှာ နှစ်ဖက် မကြာခဏ တွေ့ဆုံပြီး ဆက်လက်ညှိနှိုင်း သွားမယ့် အကြောင်းနဲ့ လာမယ့် အောက်တိုဘာလ ဒုတိယ လောက်မှာ ထပ်မံ တွေ့ဆုံဖို့ ရှိတယ်လို့ နှစ်ဖက် စလုံးက ပြောပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင်ဖက်က သွားရောက် ဆွေးနွေးကြသူတွေ ထဲမှာ ဦးအောင်ကြည်နဲ့ အတူ ဒေါက်တာ မင်းဇော်ဦးနဲ့ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးလည်း ပါဝင်ပါတယ်။

DPN ဖက်ကလည်း ခူဦးရယ်နဲ့ ဗိုလ်ချုပ်စိုင်းထူး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ