အင်းဝအပ်ချုပ်ဆိုင်မိသားစုကို စွဲချက်တင်

ဓာတ်ပုံ မူပိုင် AFP
Image caption နှိပ်စက်ခံရတဲ့ အမျိုးသမီးငယ်တဦး

အင်းဝ အပ်ချုပ်ဆိုင်က ကလေးသူငယ်တွေ နှိပ်စက်ခံရတဲ့အမှုကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့က နာကျင်စေမှု၊ လူကုန်ကူးမှုတွေနဲ့ စွဲချက်တင်လိုက်တယ်လို့ ကျောက်တံတားမြို့မ ရဲစခန်းက စခန်းမှူးဖြစ်တဲ့ ဒုရဲမှူး ဦးတိုးမြို့က ဘီဘီစီကို ပြောပါတယ်။

ဒီအမှုမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနကလည်း ကလေးသူငယ်ပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက တင်ပြထားတဲ့ ဒီအမှုအတွက် တရားခံခြောက်ယောက်ကို စစ်ဆေးဖို့ရှိပေမယ့် အဲဒီ့ခြောက်ယောက်ထဲက မသီရိလတ်က တရားခံပြေး ဖြစ်နေခဲ့တဲ့အတွက် စစ်ဆေးဖို့ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ မသီရိလတ်က ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့တဲ့အတွက် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးက ဒီအမှုကို ပထမဆုံး လက်ခံစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၆ ရက်နေ့မှာ တရားလိုရဲတပ်ဖွဲ့ကို စတင်စစ်ဆေးဖို့အတွက် တရားရုံးက ရုံးချိန်းပေးလိုက်ပါတယ်။

အမှုကို ဥပဒေလမ်းကြောင်းပေါ်ကို တင်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် တရားစီရင်ရေးလမ်းကြောင်းကို စောင့်ကြည့်ပြီး တရားမမှု လမ်းကြောင်းကနေ တရားလို ကလေးငယ်တွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဆက်လက် တောင်းဆိုသွားမယ်လို့ တရားလိုဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ