မိုင်းလားနဲ့ ဝတပ် ပြန်ပြေလည်

မိုင်းလားနဲ့ ဝတပ် ပြန်ပြေလည်
Image caption ဝတပ်ဖွဲ့နဲ့ မိုင်းလားတပ်က ကိုယ်စားလှယ်တွေဟာ မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ၂၀၁၆ နှစ်လယ်ပိုင်းက တွေ့ဆုံခဲ့ကြပါတယ်

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသမှာ NDAA မိုင်းလားတပ်သားတွေကို UWSA ဝတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးသိမ်းပိုက်တာတွေ လုပ်ခဲ့ပြီးနောက် အခုတော့ နှစ်ဘက် ပြေလည်မှု ရသွားပြီလို့ မိုင်းလားနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေအရ သိရပါတယ်။

NDAA ကလည်း ဒီနေ့ရက်စွဲနဲ့ ကြေညာချက်မှာတော့ ဝတပ်ဘက်က မိုင်းလားနယ်မြေအတွင်း စစ်ရေးလေ့ကျင့်မှုတွေမှာ လွဲမှားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီလွဲမှားမှုတွေကို ပြုပြင်စေခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် ဒါဟာ လွဲမှားမှုမဟုတ်ပဲ စစ်ရေးအရ သက်သက် ဝင်ရောက်တာဖြစ်ပြီး နောက်ပိုင်းကျမှ ခေါင်းဆောင်ချင်း ပြန်ညှိနှိုင်းတာ ဖြစ်နိုင်တယ်လို့ ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံအတွင်း မိုင်းလားအဖွဲ့က လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်က မိုင်းလားတပ်သား ၁၅၀ ကျော်ကို ဝတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အခုတော့ အဲဒီတပ်သားတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့လည်း သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ထိုးပြီး ငြိမ်းချမ်းရေးနဲ့ ဖွဲ့ဖြိုးရေး လုပ်ငန်းတွေ လုပ်သင့်တယ်ဆိုတဲ့ မိုင်းလားတပ်ရဲ့ သဘောထားဟာ ဝတပ်ရဲ့ သဘောထားနဲ့ ကွဲလွဲနိုင်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း မိုင်းလားနဲ့ အာဏာပိုင်တွေကြား နီးစပ်မှုအပေါ် ဝတပ်ဘက်က တမျိုးမြင်နိုင်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒါပေမယ့် မိုင်းလားအဖွဲ့ရဲ့ သမိုင်းဖြတ်သန်းမှုနဲ့ လက်ရှိအခြေအနေအရ မိုင်းလားအနေနဲ့ ဝတပ်ဖွဲ့နဲ့ မတူတဲ့ သီးခြားလမ်းကြောင်းကို သွားဖို့ ခက်ခဲတာကြောင့် နှစ်ဘက်ခေါင်းဆောင်တွေကြား အမြင်မတူညီမှုတွေ ရှိပေမယ့် ညှိနှိုင်းဖြေရှင်းသွားမယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ