စစ်တွေ မြေယာ အရှုပ်တော်ပုံ ပေါ်ပေါက်

sittwe ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်နယ် မြို့တော် စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေမြို့ အပြင်ဘက် ဆတ်ရိုးကျ ရပ်ကွက်က လယ်မြေတွေကို စက်မှုဇုန်ဆောက်ဖို့ ဆိုပြီး အစိုးရက သိမ်းဆည်း သွားပြီးတဲ့နောက် အဲဒီမြေတွေပေါ်မှာ စက်မှုဇုန်မဆောက်ဘဲ အကြီးအကဲ တွေ ခွဲဝေယူကြ တယ် ဆိုပြီး မြေယာ အရှုပ်တော်ပုံကြီး ပေါ်ပေါက် နေပါတယ်။

အခုအခါ လွှတ်တော် က စစ်ဆေးဖို့ ကော်မရှင်ဖွဲ့ ရတဲ့အထိ အနေထား ကို ရောက်ရှိနေပါတယ်။

ဒီလယ်မြေ ဧက ၁၄၀ ကို စစ်တွေ စက်မှုဇုန် တည်ဆောက်ရေး အကြောင်းပြပြီး နဝတ အစိုးရခေတ် ၂၀ဝ၃ ခုနှစ်ကနေ လယ်သမား ၁၃ ဦးဆီက တစ်စုံတစ်ရာ လျော်ကြေး မပေးဘဲ သိမ်းယူသွားခဲ့တာပါ။

နှစ်ပေါင်း ၂ဝ ကျော် ကြာလာပေမယ့် စက်မှုဇုန် ဖြစ်မလာတဲ့အပြင် လွန်ခဲ့တဲ့ အစိုးရလက်ထက်မှာ မြေတွေကို တာဝန်ရှိသူတွေက အကွက်ရိုက် ခွဲဝေ ယူကြရာကနေ ဆတ်ရိုးကျ လယ်ယာမြေ အရှုတ်တော်ပုံ ဆိုပြီး အခုအခါ လူသိရှင်ကြား ပေါ်ပေါက် လာခဲ့ပါတယ်။

အခုအခါ ဒီအရှုပ်တော်ပုံကို စစ်ဆေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်ကနေ ခုနစ်ဦးပါ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်း လိုက်တယ်လို့ ဒီကော်မတီကို ဦးဆောင် နေတဲ့ စစ်တွေမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေက ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို မေးကြည့်တော့ ခု မြေတွေကို ခွဲဝေပေးတာဟာ သူရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်က နုတ်ထွက်လိုက်တဲ့ နောက်ပိုင်းမှာမှ ပေါ်ပေါက် လာတာ ဖြစ်တဲ့အတွက် သူနဲ့ သက်ဆိုင်မှုတွေ မရှိဘူးလို့ ပြောပါတယ်။

ဒီလယ်မြေတွေနဲ့ပတ်သက်ပြီး လွှတ်တော် ကော်မတီကနေ ခရိုင် မြေစာရင်း၊ စည်ပင် စတာတွေ အပါအဝင် သက်ဆိုင် ဆက်စပ်သူတွေကို ၂ လအတွင်း စစ်ဆေး သွားမှာ ဖြစ်ပြီး ရရှိလာတဲ့ တွေ့ရှိချက်တွေကို ပြည်နယ် လွှတ်တော် ကို တင်ပြသွားမယ်လို့ သိရှိရပါတယ် ။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ