ကုန်သွယ်ရေး - အမေရိကန်သမ္မတ ထရမ့်ကို တန်ပြန်ပြီး အိန္ဒိယက အခွန် တိုးကောက်

ဓာတ်ပုံ မူပိုင် Reuters
Image caption အိန္ဒိယကနေ အမေရိကန်ကို နှစ်စဉ် ဒေါ်လာ ၄၂ ဘီလျံဖိုး တင်ပို့

အိန္ဒိယနဲ့ တူရကီတို့ဟာ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် သွင်းကုန် အခွန်သစ်တွေ တိုးကောက်နေပါတယ်။

သြဂုတ်လ ၄ ရက်ကစလို့ အခွန်တိုးကောက်မယ့် သီးနှံစာရင်းကို အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်သလို သံနဲ့ သံမဏိတို့အပေါ်လည်း အခွန်တိုးကောက်မှာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ပုစွန်အသေး၊ ပဲနီလေး၊ ကုလားပဲ စတဲ့ စားသောက်ကုန်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အမေရိကန်ကနေ သွင်းမယ့် ကုလားပဲ ကို တင်သွင်းခွန် ၆၀ ရာခိုင်နှုန်း တိုးမြှင့်မှာ ဖြစ်သလို၊ ပဲနီလေးကိုတော့ ၃၀ ရာခိုင်းနှုန်း တိုးမြှင့်မှာ ဖြစ်တယ်လို့ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပုဇွန်အသေးစား တွေ အတွက်ကတော့ ၁၅ ရာခိုင်နှုန်း တိုးမြင့်မှာ ဖြစ်ပြီး တခြား လူသုံးကုန်နဲ့ ပိုးသတ်ဆေးသုံး အက်ဆစ်အမျိုးအစား တွေကိုလည်း သက်ဆိုင်ရာ ကဏ္ဍ အလိုက် အသီသီး တိုးမြှင့် ကောက်ခံသွားမှာပါ။

တူရကီအစိုးရကလည်း အမေရိကန်က ကျောက်မီးသွေး၊ ဆေးရွက်ကြီး၊ ကား နဲ့ တခြားကုန်ပစ္စည်းတွေကို ခုချိန်ကစလို့ အခွန်တိုးကောက်ပြီလို့ ကြေညာပါတယ်။

အမေရိကန်ကို တန်ပြန်

ဒီလို အိန္ဒိယနဲ့ တူရကီတို့က လုပ်ဆောင်တာဟာ အမေရိကန်ဘက်ကနေ သွင်းကုန်တွေအပေါ် အခွန်ပိုတိုးကောက်တဲ့အပေါ် တန်ပြန်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

အမေရိကန်က တိုမြှင့်ကောက်ခံမယ့် သံမဏိနဲ့ အလူမီနီယံ သွင်းကုန်အခွန်ကြောင့် အိန္ဒိယကို ဒေါ်လာ ၂၁၄ သန်းလောက် ထိခိုက်မှာ ဖြစ်ပါတယ်။

ဒီပမာဏအတိုင်း ပြန်ရနိင်ဖို့ အတွက် အိန္ဒိကလည်း ကုန်ပစ္စည်း အတော်များများအပေါ် အခွန်တိုးမြှင့်တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်က သံနဲ့ အလူမီနီယံ သွင်းကုန်တွေကို အခွန်တိုးကောက်

အိန္ဒိယဟာ အမေရိကန်ကို နှစ်စဉ် တန်ဖိုးအားဖြင့် ၁ ဒသမ ၅ ဘီလျံဖိုး သံနဲ့ အလူမီနီယံ တင်ပို့နေပါတယ်။

အမေရိကန်ကို အိန္ဒိယကနေ ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုး စုစုပေါင်းက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၂၁ ဘီလျံ ရှိခဲ့ပြီး အမေရိကန်ကနေ အိန္ဒိယကို တင်ပို့မှုက ဒေါ်လာ ၂၂ ဒသမ ၃ ဘီလျံရှိပါတယ်။

ဒီလို အပြန်အလှန် ကုန်သွယ်မှု ပမာဏများတဲ့အပြင် အိန္ဒိယဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေထဲမှာ နံပါတ် ၆ နေရာမှာလည်း ရှိနေတဲ့အတွက် အခုဂယက်က ကြီးနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် ဖြစ်မလား

အမေရိကန်က သွင်းကုန် အခွန်တိုးမြှင့်တဲ့အပေါ် အီးယူ ဥရောပ သမဂ္ဂ နဲ့ တရုတ်တို့ကလည်း တုံ့ပြန် အခွန်တိုးကောက်ဖို့ စီစဉ်နေပါတယ်။

အခုလို အပြန်အလှန် အခွန်တိုး ကောက်ခံမှုတွေဟာ ကမ္ဘာ့ ကုန်သွယ်ရေး စစ်ပွဲဆီကို ဦးတည်နေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO စည်းမျဉ်းကို ချိုးဖောက်တယ်လို့ဆိုပြီး တချို့နိုင်ငံတွေက WTO ကတဆင့် ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ