မြို့တွေမှာ လျှပ်စစ်စွမ်းအင် ရရှိပုံက ဘယ်လို ပြောင်းလဲ လာလေမလဲ

Street light at dusk
Image caption လမ်းမီးတိုင်တွေကနေ စွမ်းအင်ထုတ်ပြီး လျှပ်စစ်မီး အလင်းပေးမှာ ဖြစ်တဲ့အတွက် မြို့ပြ လမ်းမီးကုန်ကျစရိတ် လျှော့ချနိုင်ပါလိမ့်မယ်

၂၀၅၀ ခုနှစ်လောက်ဆိုရင် ကမ္ဘာ့ မြို့ပြတွေမှာနေတဲ့ လူဦးရေက စုစုပေါင်းလူဦးရေရဲ့ ၃ ပုံ ၂ ပုံ ကျော်ဖြစ်လာမှာမို့ သိပ္ပံပညာရှင်တွေ၊ နည်းပညာ ကုမ္ပဏီတွေက လက်ရှိ ရှိနေတဲ့ ဝန်းကျင်အနေအထားမှာပဲ ပြည့်ဖြိုးမြဲစွမ်းအင်ကို ဘယ်လိုရယူမလဲ ဆိုတဲ့ နည်းလမ်းသစ်တွေကို စဉ်းစားတီထွင်နေကြပါပြီ။

တနေ့ကျရင် သင့်ရဲ့ ရုံးပြူတင်းတံခါးမှာတပ်ထားတဲ့ ဆိုလာပြားကနေ နေစွမ်းအင်ကို ရယူပြီး အလင်းဓာတ် ရယူကြမှာဖြစ်သလို လမ်းမီးတိုင်အောက်ခြေမှာရှိတဲ့ ကွန်ကရစ်တုံးက စွမ်းအင်ကို သိုမှီးထားနိုင်တော့မှာပါ။

ကားလမ်းဘေးမှာ ကားတွေ ဝှီးကနဲဖြတ်သွားတဲ့ အရှိန်ကနေ ကားလမ်းဘေးမှာ ထောင်ထားတဲ့ ဆုံလည်သလို လည်မယ့် လေရဟတ်စက် Vertical wind turbines ကို လည်စေပြီး စွမ်းအင်ထုတ်မယ်၊ ပလက်ဖောင်း ပေါ်မှာ လမ်းလျှောက်တဲ့သူတွေရဲ့ ခြေလှမ်းကနေ ဖြစ်လာတဲ့ နင်းအား၊ လမ်းပေါ်မှာ ဖြတ်သွားတဲ့ ကားတွေ၊ ဘတ်စကားတွေ၊ ကုန်တင်ကားကြီးတွေ ရဲ့ ဖိအားတွေ ကနေလည်း စွမ်းအင်တွေ ထွက်လာ စေမှာပါ။

မောင်းသူမဲ့ တက္ကစီ ကားတွေ ကားလမ်းပေါ် မောင်းသွားတဲ့အခါ ပင်မဓာတ်အားပေးလိုင်းထဲကို လျှပ်စစ်ဓာတ်အားတွေ စီးဝင် ပေါင်းထည့်ပေးဦးမှာပါ။ ဒါတွေက အများအပြားသော နည်းပညာရှင်တွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ မြို့ပြစီမံကိန်း ပညာရှင်တွေ ရဲ့ အမြင်တွေပါ။

ဘယ်လောက်အထိ လက်တွေ့ကျပါလေရဲ့။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လမ်းမီးတိုင် အောက်ခံ ကွန်ကရစ် တုံး က ဘက်ထရီတွေလို အလုပ်လုပ်လာပြီး တညလုံး လင်းအောင် မီးပေးနိုင်ပါမယ်

တွေ့ရှိချက် အသစ်တွေက မျှော်လင့်ချက် အသစ်တွေ ပေးနေပါတယ်။ လောင်စာထုတ် စက်ရုံတွေက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေနဲ့ ဘိလပ်မြေ ပေါင်းစပ်ထားတဲ့ potassium-geopolymetric (KGP) ကွန်ကရစ်တုံးတွေ က အဲဒါတွေနဲ့ဆောက်လုပ်တဲ့ အဆောက် အအုံတွေအတွက် ဘက်ထရီအိုးတွေ ဖြစ်လာမယ်ဆိုတာ ဥပမာ တစ်ခုပါ။

အဲဒီ KGP ကွန်ကရစ်တွေ က သာမန် ဘိလပ်မြေထက် ပိုစျေးသက်သာမှာ ဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ ၆ မီတာ လောက်မြင့်ပြီး KGP နဲ့ လုပ်တဲ့ မီးတိုင် ကလည်း ဆိုလာပြားတွေ နဲ့ ချိတ်ဆက် ထားမှာဖြစ်ပြီး နေရောင်ခြည်က ရလာတဲ့ စွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ်ပြောင်းလဲပေးမှာပါ။ အဲဒီလို လုပ်ရင် လမ်းမီးတိုင် တစ်တိုင်မှာ တနေ့တာ ရတဲ့ စွမ်းအင်က တစ်ညလုံး အဲဒီ လမ်းမီးတိုင် မီးလင်း နေစေမယ်လို့ သုတေသီတွေ က ဆိုပါတယ်။

ဗြိတိန်နိုင်ငံ Lancaster University က ပါမောက္ခ Mohamed Saafi က "KGP ကွန်ကရစ် အပေါင်းအစပ်က တခြား စျေးကြီးတဲ့ ဒါမှမဟုတ် အန္တရာယ်များတဲ့ အရာတွေ ဘာမှ မလိုအပ်ဘဲ လျှပ်စစ် စွမ်းအင်ကို ထိန်းသိမ်း ထားနိုင်တယ်၊ နောက် အဲဒီ လျှပ်စစ်စွမ်းအင်ကို သယ်ဆောင်ပို့လွှတ် ပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့ သက်သေပြနိုင်ပါပြီ" လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Lancaster University
Image caption ဒီလို ကွန်ကရစ်တုံးငယ်လေးတွေ က အနာဂတ်မြို့ပြမှာ စွမ်းအင် အတွက် ကူညီနိုင်ပါသတဲ့

KGP ကွန်ကရစ်တွေ အများအပြားထည့်သုံးမယ့် အဆောက်အအုံတွေမှာလည်း စွမ်းအင်ကို ထိန်းသိမ်းထားနိုင်သလို ပိုနေတဲ့ စွမ်းအင်တွေကိုလည်း တခြားကို ပို့ဆောင်ပေးနိုင်မှာပါ။

ဆိုလာစွမ်းအင်ဟာ ပြည့်ဖြိုးမြဲစွမ်းအင်တွေထဲ အသုံးအများဆုံးဖြစ်ပြီး ဆိုလာပြားတွေ ပို စျေးသက်သာလာအောင်လည်း အသစ်တွေ့ထားတဲ့ အရာတွေက အကူအညီပေးနေပါတယ်။

ဆိုလာစွမ်းအင်အတွက် အရင် ၁၀ နှစ်လောက်က လျှပ်စစ်အား ၁ ၀ပ် (Watt) အတွက် စတာလင်ပေါင်ငွေ ၁ ပေါင် ကုန်ကျပေမယ့် အခုတော့ ၄၀ ဆင့် ပဲ ကုန်ကျပါတော့တယ်။

အိမ်အမိုးတွေမှာ ဆိုလာပြားတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်ယူကြတာကလည်း ခေတ်စားလာပါတယ်။

ဆီလီကွန်အခြေခံတဲ့ ဆိုလာပြားတွေက စွမ်းအင်ကို ပိုထိန်းထားနိုင်ပါတယ်။ ဆီလီကွန်သန့်စင်မှုကတော့ ၉၉.၉၉၉၉% သန့်စင်ဖို့ လိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြို့ပြတွေမှာ ဆိုလာ စွမ်းအင်ကို သုံးစွဲတာက ပြည့်ဖြိုးမြဲစွမ်းအင်တွေ အထဲ အသုံးအများဆုံး ဖြစ်လာပါတယ်

ဆိုလာပြားတွေထဲ perovskites လို့ခေါ်တဲ့ ဆိုလာပြားတွေက ပိုပါးလွှာသလို နေအပူချိန်လည်း နှိုင်းယှဉ်မှုအရ နည်းနည်းပဲ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံ Brown University က ပါမောက္ခ Nitin Padture က ပြောပါတယ်။

ရိုးရိုးဆိုလာပြားတွေထက် ပိုကြည်ပြီး ပြူတင်းပေါက်တံခါးတွေအတွက် သုံးလို့ သင့်တော်တယ်လို့လည်း ဆိုပါတယ်။

အားနည်းချက်တခုကတော့ သူ့မှာ အဆိပ်ရှိတဲ့ ခဲဓာတ် ပါဝင်တာပါ။

ဒါပေမဲ့ ပါမောက္ခ Padture က ခဲအစား တိုင်တေနီယမ်တွေကို အစားထိုးသုံးဖို့ လေ့လာနေကြတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Brown University
Image caption ပါးလွှာတဲ့ perovskite ဆိုလာပြားမှာ တိုင်တေနီယမ် ပါရင် ပိုပြီးအားကောင်းပါတယ်

လေ က နောက်ထပ် အသုံးများကြတဲ့ ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ် တစ်ခုပါ။ ဒါပေမဲ့ ပုံမှန်လေရဟတ်ကြီးတွေ သုံးပြီး စွမ်းအင်ထုတ်တဲ့နည်းက အဆောက်အအုံထူထပ်တဲ့နေရာတွေ မှာ သိပ်ဟန်မကျပါဘူးတဲ့။ အဲဒီ လေရဟတ် ကြီးတွေ က လေလမ်းကြောင်းကို အကြီးအမား ပြောင်းလဲစေတတ်လို့ပါ။

ဒါ့ကြောင့် သုတေသီ Nicolas Orellana နဲ့ Yaseen Noorani တို့က အလုံးလိုက်လည်မယ့် လေရဟတ် spherical wind turbine တွေ ထွင်ပြီး လေကြောင်းပြောင်းတဲ့ ပြဿနာမတက်အောင် လုပ်နေ ကြပါတယ်။

သူတို့က O-Wind turbine လို့ အမည်ပေးထားတဲ့ အလုံးလိုက်လည်မယ့် လေရဟတ် တာဘိုင်စက် က ဗြိတိန်ရဲ့ ၂၀၁၈ James Dyson Award ဆု ကို ရရှိစေခဲ့ပါတယ်။

လေ က ဘယ်ဘက်ကတိုက်တိုက် ဒီ တာဘိုင်စက် က လည်ပတ်မှာပါ။

တူရကီ ကုမ္ပဏီတခုဖြစ်တဲ့ Devici Tech က ဆုံလည်သလို လည်စေမယ့် လေရဟတ် တာဘိုင်စက် Vertical wind turbines ကို ထွင်ပြီး ကားလမ်းဘေးတွေမှာ ထားကာ ကားတွေဖြတ်သွားတဲ့အရှိန်နဲ့ လည်စေကာ စွမ်းအင်ထုတ်ယူမှာပါ။

သူတို့ရဲ့ အဲဒီ တာဘိုင်စက် Enlil turbines ကို အီစတန်ဘူမှာ စမ်းပြီး သုံးစွဲကြည့်တော့ တာဘိုင်စက်တခုက ရတဲ့ စွမ်းအင်က အိမ် ၂ အိမ် သုံးလို့လောက်ပါသတဲ့။

ဓာတ်ပုံ မူပိုင် dyson
Image caption သူတို့ရဲ့ အလုံးလိုက် လည်မယ့် လေရဟတ် စက် နဲ့ သုတေသီ Yaseen Noorani နဲ့ Nicolas Orellana
ဓာတ်ပုံ မူပိုင် Deveci Tech
Image caption အီစတန်ဘူမြို့လမ်းတွေ ဘေး က ဆုံလည်သလို လည်မယ့် လေရဟတ် တာဘိုင်စက် Vertical wind turbines တွေ

မြို့ပြတွေအတွက် ကြံဆနေကြတဲ့ စွမ်းအင်ထုတ် စီမံကိန်းတွေ အားလုံးတော့ စီးပွားရေးအရ တွက်ခြေမကိုက်ကြသေးပါဘူး။

ဥပမာ - ပြင်သစ်နိုင်ငံ Colas ကုမ္ပဏီက လုပ်တဲ့ photovoltaic လမ်းမ အစီအစဉ် လိုပေါ့။ ဒါမျိုး ဂျပန်နဲ့ အမေရိကန်မှာလည်း ပြင်နေတာပါ။ သူက လမ်းပေါ်မှာ ဆိုလာဆဲလ်ပြားတွေ ခင်းထားပြီး စွမ်းအင် ထုတ်ယူတဲ့ နည်းပါ။

Colas ရဲ့ ဒီ စွမ်းအင်ထုတ်မယ့် လမ်းအစီအစဉ်က နော်မန်ဒီ ဘက်မှာ မိုင်ဝက်ကျော်ရှည်မယ့် တလမ်းသွားလမ်းဖောက်မယ်၊ စတာလင် ပေါင် ၄ သန်း ၃ သိန်း ကုန်ပါလိမ့်မယ်၊ အမေရိကန်မှာ ၁ မိုင် အရှည် ၂ လမ်းသွား ဖောက်မယ်၊ ပေါင် ၃ သန်း ၈ သိန်း ကျပါလိမ့်မယ်။

ပြီးတော့ ထွက်လာမယ့် စွမ်းအင် က ဘယ်လောက်များမလဲဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေပါသေးတယ်။

ဆိုလာပြားတွေ က နေရှိရာ လှည့်မထားပဲ အပြားလိုက်ထားရတာဆိုတော့ လမ်းပေါ်မှာ ကားတွေ ပြည့်ကျပ်နေရင် နေရောင် အရနည်းမှာ၊ နှင်းတို့ ရွှံ့တို့ ရေတို့ အပေါ်က ဖုံးမှာကို ပူရမှာတွေ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Wattway
Image caption Colas ကုမ္ပဏီ က ၁ ကီလိုမီတာ ရှည်တဲ့ photovoltaic ကားလမ်းမ က နေ လူ ၅၀၀၀ နေတဲ့ မြို့က အများပြည်သူသုံးနေရာတွေ အတွက် လျှပ်စစ်မီးအလင်း ပေးနိုင်တယ် လို့ ဆိုပါတယ်

၂၀၁၄ တုန်း က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှာ အဲဒီလို ဆိုလာ စနစ်ခင်းထားတဲ့ ၇၀ မီတာ အရှည် စက်ဘီးလမ်းတခု ခင်းပါတယ်။ အဲဒီကနေ ပထမနှစ်မှာ ၃၀၀၀ kilowatt-hours (kWh) စွမ်းအင်ထုတ်လို့ ရပါတယ်။

ဒါပေမဲ့ ဒီကုန်ကျငွေနဲ့ အပြင်စွမ်းအင်စျေးကွက်က စွမ်းအင်ဝယ်ရင် ၆၅ သန်း kWh (kilowatt-hours) ရနိုင်ပါတယ်။

စီးပွားရေးအရတွက်ခြေမကိုက်သေးတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ် နောက်နည်းပညာကတော့ piezo-electricity နည်းပညာပါ။ piezo-electric ကိရိယာတွေနဲ့ ခင်းထားတဲ့ လမ်းမတွေမှာ ကားတွေ၊ ကုန်တင်ကားတွေ သွားလာလို့ထွက်ပေါ်လာတဲ့ တုန်ခါမှုကနေ စွမ်းအင်ထုတ်မှာပါ။ အဲဒါတွေ ခင်းထားတဲ့ လမ်းဘေး ပလက်ဖောင်းတွေပေါ်မှာ လမ်းလျောက်ကြတဲ့ ခရီးသွားတွေရဲ့ ခြေလှမ်းက လည်း စွမ်းအင်ကို ထွက်လာစေပါတယ်။

၂၀၀၉ ခုနှစ် က အစ္စရေး ကုမ္ပဏီ Innowattech နဲ့ အခုလောလောဆယ် အမေရိကန် ကုမ္ပဏီ Pyro-E တို့က ဒီလမ်းတွေကို စမ်းသပ် ပြခဲ့ပါတယ်။

နည်းပညာအရ ကောင်းပေမယ့် စျေးကသိပ်ကြီးနေပါတယ်။

အမေရိကန်မှာ လုပ်တဲ့တခုမှာ ၁ ကီလိုမီတာလောက်ရှည်တဲ့ ၂ လမ်းသွား လမ်းမှာ ခင်းထည့်ဖို့ piezo-electric ကိရိယာ ၁၃၀၀၀ လိုပြီး ဒေါ်လာ ၄ သိန်း တည်ဆောက်ခ ကျပါသတဲ့။

ဗြိတိန် ကုမ္ပဏီ Pavegen ကလည်း လျှပ်စစ်စွမ်းအင်ထုတ်ပေးနိုင်တဲ့ ပလက်ဖောင်းတွေ ထွင်ပါတယ်။ အဲဒီပေါ် လူ့ခြေလှမ်း တလှမ်းလှမ်းတိုင်း စွမ်းအင် ၂ joules က နေ ၄ joules အထိ ထွက်ပါတယ်။

ဒါပေမဲ့ ကုန်ကျစရိတ် က ၁ စတုရန်း မီတာ အကွက် အတွက် စတာလင်ပေါင် ၂၃၅၀ ကုန်ကျပါတယ်။

ဓာတ်ပုံ မူပိုင် Pavegen
Image caption လန်ဒန်မှာ Pavegen ကုမ္ပဏီ က သူတို့ ပလက်ဖောင်းလမ်း ကို စမ်းခင်းထားပုံ

ဒါတွေက သိပ်စျေးကြီးနေပါသလား၊ ဆိုလာပြားတွေ စထုတ်တုန်းကလည်း အခုလို စျေးကြီးခဲ့တာပါပဲ။

Pavegen ကုမ္ပဏီ တည်ထောင်သူလည်းဖြစ် အလုပ်အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ Laurence Kemball-Cook က "ကျနော်တို့မြို့တွေကို ပိုကောင်းဖို့ နည်းပညာတခုတည်းနဲ့ ရတာ မဟုတ်ပါဘူး၊ လူတွေကပါ ပြောင်းလဲလာလို့ မြို့တွေ ပိုကောင်းလာတယ်ဆိုတာကို ယုံကြည်တယ်" လို့ ပြောပါတယ်။