အေးပက်အလွန်၊ တရုတ်ရဲ့ ပစိဖိတ်သြဇာလွှမ်းလိုမှု

china ဓာတ်ပုံ မူပိုင် MICK TSIKAS
Image caption ပစိဖိတ်ကို စိတ်ဝင်စားနေတဲ့ တရုတ်ခေါင်းဆောင်ပိုင်း

ပါပူဝါ နယူးဂီနီရဲ့ မြို့တော် ပို့မော်စဘီမှာ ဟာသတခု ပေါ်နေပါတယ်။ တရုတ် ဖောက်ပေးထားတဲ့ မြို့တော် လမ်းမသစ်ကြီးအကြောင်းပါ။

မြို့လယ် ဖြတ်တဲ့ လမ်းမကြီး တခု လိုချင်တယ် ဆိုပြီး ဘေဂျင်းက လာတဲ့ တရုတ်သမ္မတကို ပါပူဝါ ဝန်ကြီးချုပ်က ပြောတယ်ဆိုပြီး ဇာတ်လမ်းက ဖြစ်နေပါတယ်။

ကိစ္စ မရှိဘူးလို့ တရုတ် သမ္မတက ဆိုသတဲ့။ တခုပဲပြော၊ ဒီလမ်းပေါ်မှာ ကျွန်တော်တို့ဆီကလို တင့်ကားတွေ မောင်းချလာလို့ရသလားလို့ တရုတ် သမ္မတက ပြန်မေးတယ် ဆိုပြီး ရယ်စရာ ပြောနေကြပါတယ်။

ပို့မော်စဘီမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ များလာတာနဲ့ ပတ်သက်ပြီး ဒီလိုမျိုး ပြောစရာ စကားတွေက ရှိနေပါတယ်။ ဒီပုံပြင်ကလည်း တရုတ်လွှမ်းမိုးမှု များလာတာကို စိုးရိမ်နေကြတယ် ဆိုတာကို ပြနေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အေးပက် အစည်းအဝေးက အမေရိကန် ကြော်ငြာ

ရင်းနှီးမြှုပ်နှံမှုတွေ များလာ

ပို့မော်စဘီမှာ ကားပတ်မောင်းရင်း အေးပက် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းမှု ထိပ်သီး ဆွေးနွေးပွဲအတွက် တရုတ် ဆောက်ပေးတဲ့ စီမံကိန်းတွေကို လမ်းပြက ညွှန်ပြပါတယ်။ လမ်းတွေ၊ ခန်းမတွေ၊ ဘတ်စ်ကား မှတ်တိုင်ကအစ တရုတ်ငွေနဲ့ ဆောက်နေတာပါ။

ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဒီနိုင်ငံမှာ ကမ္ဘာ့ စီးပွားရေး ထိပ်တန်း ခေါင်းဆောင်တွေ စုဝေးပြီး ကုန်သွယ်ရေး အကြောင်းတွေ ပြောခဲ့ကြပါတယ်။

တရုတ်သမ္မတ ရှီကျင်ပင်းကတော့ ဆွေးနွေးပွဲမတိုင်ခင် ကြိုပြီး နိုင်ငံတော် ခရီးစဉ်အနေနဲ့ ရောက်လာပါတယ်။

ဒီမှာ တရုတ်ရဲ့ အကျိုးစီးပွားတွေက ခုမှ ရှိတာ မဟုတ်ပါဘူး။

အရင် ဆယ်နှစ်အတွင်း ပစိဖိတ် သမုဒ္ဒရာမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ထောက်ပံ့မှုတွေ သိသိသာသာ တိုးလာတယ်လို့ လိုဝီ အင်စတီကျုက ထုတ်ပြန်ပါတယ်။

၂ဝ၁၆ တနှစ်ထဲမှာ တရုတ်က ပါပူဝါ ကို ဒေါ်လာ သန်း ၂ဝ ကျော်ဖိုး ကူညီတယ်လို့လည်း ဆိုပါတယ်။ နောက်နှစ်ကျတော့ ကူညီတဲ့ ပမာဏက သုံးဆ တိုးလာပါတယ်။

ဓာတ်ပုံ မူပိုင် MARK SCHIEFELBEIN / POOL
Image caption လမ်းဖောက်တဲ့ စီမံကိန်းက တရုတ်အင်ဂျင်နီယာတွေ

သြစတြေးလျကလည်း ပါပူဝါ မှာ တရုတ်လိုပဲ အကူအညီတွေ ပေးဆဲပါ။ နိုင်ငံရဲ့ အကူအညီ ၇ဝ ရာခိုင်နှုန်းက ဒီကိုလိုနီ သခင်ဟောင်းဆီက လာပါတယ်။

ပါပူဝါ ဟာ အေးပက်အဖွဲ့ထဲမှာ အဆင်းရဲဆုံး နိုင်ငံ ဖြစ်ပြီး လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းဟာ တရက်ကို တဒေါ်လာတောင် မရဘူးလို့လည်း ကုလသမဂ္ဂ လေ့လာချက်က ဆိုပါတယ်။

သြစတြေးလျ အစိုးရက ပညာရေးနဲ့ အုပ်ချုပ်မှု ကောင်းမွန်ရေးလို ကဏ္ဍတွေမှာ အကူအပံ့တွေ ပေးတာ ကြာပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မဲန်နပ်စ်ကျွန်းပေါ်က ခိုလှုံခွင့်တောင်းသူတွေကို ဖယ်ရှား

တရုတ်ကတော့ ပါပူဝါ မှာ အရေးတကြီး လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေမှာ ကူညီပေးနေပါတယ်။

"တရုတ်က လမ်းတွေ၊ တံတားတွေ ဆောက်ပေးတယ်၊ နောက်လည်း ဆောက်ပေးနေမှာပဲ "လို့ ပါပူဝါ စီးပွားရေး ကောင်စီက အမှုဆောင် ညွှန်ကြားရေးမှူး ဒူဗာရီ အေနောင်း က ပြောပါတယ်။

"ပါပူဝါ မှာတင်မက ပစိဖိတ် တလွှားကိုပါ ရည်ရွယ်နေတာ" တဲ့။

ဓာတ်ပုံ မူပိုင် SAEED KHAN
Image caption သမ္မတရှီကို ကြိုနေတဲ့ ပါပူဝါ ပြည်သူတွေ

ဒါဟာ တရုတ်ရဲ့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းမှာ အကျုံးဝင်ပါတယ်။ ဒေါ်လာဘီလျံချီ သုံးတဲ့ ဒီစီမံကိန်းက တရုတ်နဲ့ ကမ္ဘာကြီးကို ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ချိတ်ဆက်ထားဖို့ ရည်ရွယ်ပါတယ်။

ဒါက သမ္မတရှီရဲ့ ဦးစားပေး စီမံကိန်း ဖြစ်နေပါတယ်။ ဒီစီမံကိန်းကြောင့်ပဲ သြစတြေးလျက ဒီလထဲမှာ ပစိဖိတ်ဒေသ အခြေခံ အဆောက်အအုံတွေအတွက် ဒေါ်လာ သန်းတထောင် ကူညီဖို့ ကြေညာခဲ့ပါတယ်။ ဒေသတွင်း တရုတ် တွင်ကျယ်လာတာကို တန်ပြန်ဖို့ စီစဉ်တယ်လို့ ထင်ကြပါတယ်။

တရုတ်ရဲ့ အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိတာကိုလည်း လူတွေက ဝေဖန်ကြပါတယ်။ ဒီငွေတွေ ဘယ်လို ဝေခွဲသုံးတယ်၊ ဘယ်သူတွေ ရတယ်ဆိုတာကလည်း မရှင်းပါဘူး။

ဒီမှာ ပြဿနာက အုပ်ချုပ်ရေး ညံ့ဖျင်းတာပါ။ အရာရှိ အဆင့်ဆင့်မှာလည်း ခြစားမှုက ကြီးပါတယ်။ ဒါပေမဲ့ တရုတ်ကလည်း ပိုက်ဆံ အရင်ထုတ်ပေးပြီး နောက်မှ ရှင်းတမ်းတောင်းတတ်ပါတယ်။

ဒါကြောင့် မလိုအပ်တဲ့ စီမံကိန်းတွေမှာ ငွေဖြုန်းတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလို အရေးတကြီး သုံးရမယ့် နေရာတွေမှာ ဒီငွေတွေ မသုံးနိုင် ဖြစ်တာပါ။

ဓာတ်ပုံ မူပိုင် SAEED KHAN
Image caption ပါပူဝါ က ဆင်းရဲတယ်

နိုင်ငံရေး ဆန်တဲ့ အထောက်အပံ့

ပစိဖိတ်မှာ တရုတ်က ရင်းနှီးမြှုပ်နှံနေတာနဲ့ ပတ်သက်တဲ့ စီးပွားရေး၊ သံတမန်ရေး အကြောင်းတွေလည်း ရှိပါတယ်။

ပါပူဝါ နယူးဂီနီမှာ ရှားပါးတဲ့ သဘာဝ သယံဇာတတွေ ကြွယ်ဝပါတယ်။ နောက်ပြီး ပစိဖိတ် ကျွန်းနိုင်ငံတွေက တိုင်ဝမ်ကို ထောက်ခံကြတာဆိုတော့ တရုတ်က ဒါကို ဝင်ပြီး ထိုးဖောက်ချင်ပုံရတယ်လို့ သုံးသပ်ကြပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ ရေရှည် မဟာဗျူဟာ ရည်မှန်းချက်တွေ ဘာတွေ ရှိတယ်ဆိုတာကတော့ ထပ်ပြီး အမေးပွားစရာပါ။

"ခုတွေ့နေတာက အကူအညီမှာ ပထဝီ နိုင်ငံရေးတွေ ပါလာတာ" လို့ လိုဝီ အင်စတီကျုက ဂျော်နသန် ပရိုက်က ပြောပါတယ်။

" နောက် အနှစ် ၂ဝ၊ ၃ဝ မှာ ပစိဖိတ်ထဲမှာ တရုတ်က အခြေစိုက် စစ်စခန်းဆောက်လာမှာကို သြစတြေးလျနဲ့ အမေရိကန်တို့လို နိုင်ငံတွေက ကြောက်နေကြတယ်၊ ဒါကြောင့် ပစိဖိတ်မှာ သူတို့ ငွေကုန်ခံပြီး ကူညီနေကြတာ"

ပါပူဝါ ဟာ အမေရိကန် စစ်စခန်းကြီးတွေ ရှိတဲ့ ဂူအမ်ကျွန်းနဲ့ မိုင်တထောင်ကျော်ပဲ ဝေးတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ပါပူဝါ သားတွေ တရုတ်အလံတွေနဲ့ကြို

တရုတ်ဟာ တချိန်ချိန်မှာ ဂူအမ် အပါအဝင် ပစိဖိတ် သမုဒ္ဒရာ အနောက်ခြမ်းက အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်စခန်းတွေကို တိုက်ခိုက်နိုင်တယ် ဆိုတာကို ပြချင်လာနိုင်တယ်လို့ တရုတ်ရဲ့ စစ်ရေး အာဏာနဲ့ ပတ်သက်တဲ့ အမေရိကန် ကာကွယ်ရေး ဌာနရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

လိုဝီ အင်စတီကျုက မစ္စတာ ပရိုက် အပါအဝင် သုံးသပ်သူ အများစုကတော့ ဒါမျိုး ဖြစ်လာမယ်လို့ မထင်ကြပါဘူး။

ဒါပေမဲ့ အမေရိကန်နဲ့ သြစတြေးလျအဖို့တော့ ပစိဖိတ်ကို ပိုအာရုံစိုက်ဖို့ ဒီလောက်နဲ့ လုံလောက်နေပါပြီ။

ဒါကြောင့် တရုတ်တင် ပါပူဝါ မှာ ငွေတွေ သွန်သုံးနေတာ မဟုတ်ဘဲ အမေရိကန်၊ သြစတြေးလျ၊ ဂျပန် စတဲ့ နိုင်ငံကြီးတွေကလည်း ဒီ ပစိဖိတ်ထဲက ကျွန်းနိုင်ငံကို အေးပက် အစည်းအဝေးလာရင်း လက်ဆောင်အကူတွေ ယူလာပါတယ်။

အခုတော့ ပါပူဝါ ဟာ တရုတ်နဲ့ အနောက် အုပ်စုကြား နိုင်ငံရေး စီးပွားရေး သြဇာပြိုင်မှုမှာ နောက်ဆုံးပေါ်ပေါက်လာတဲ့ စစ်မြေပြင် ဖြစ်လာနေပါပြီ။

ဓာတ်ပုံ မူပိုင် AFP