ယူကျူပေါ်ကကြယ်ပွင့်၊ ဒေါ်လာ ၂၂ သန်းဝင်တဲ့ ၇ နှစ်သား

Ryan
Image caption ယူကျူမှာ လူအများဆုံးကြည့်ခံရတဲ့ ရိုင်ယန်

အရုပ်တွေအကြောင်း သုံးသပ်ချက်တွေပေးတဲ့ ၇ နှစ်သားကလေးက ယူကျု ဝက်ဆိုက်ရဲ့ ဝင်ငွေအကောင်းဆုံး ကြယ်တပွင့် ဖြစ်လာပါတယ်။ ဝင်ငွေ ဒေါ်လာ ၂၂ သန်းနဲ့ပါ။

ရိုင်ယန်ရဲ့ အရုပ်ညွှန်းက သူ့နောက်မှာ ရှိတဲ့ ဂျိတ်ပေါလ်ကို ဒေါ်လာ ၅ သိန်းအကွာနဲ့ ဦးဆောင်နေတာလို့လည်း ဖို့ဘ်စ် စီးပွားရေး မဂ္ဂဇင်းက ရေးပါတယ်။

သူ့ဗီဒီယိုတွေက နေ့တိုင်းလိုတက်နေပြီး ရိုင်ယန့်မျက်နှာပါတဲ့ ကြက်ဥပြာကြီးအရုပ်ကို ကြော်ငြာတဲ့ ဗီဒီယိုမှာ ဝင်ကြည့်တဲ့သူ ဒီတပတ်ထဲ တသန်းကျော် ရှိလာပါတယ်။

ရိုင်ယန်ရဲ့ ဝင်ငွေဟာ အခွန်ဖြတ်တာနဲ့ ရှေ့နေခတွေ မပါဘဲ မနှစ်ကထက် နှစ်ဆ တက်လာတယ်လို့လည်း သိရပါတယ်။

Image caption လူကြိုက်များတဲ့ ရိုင်ယန်ရဲ့အရုပ်ညွှန်း

ကလေးတွေက သူ့ဗီဒီယိုတွေကို ဘာကြောင့် ကြိုက်ကြတာလဲလို့ မေးတော့ "ကျွန်တော်က ဖျော်ဖြေနေတာလေ၊ ကျွန်တော်က ရယ်စရာကောင်းတယ် "လို့ ရိုင်ယန်က ပြန်ဖြေပါတယ်။

၂ဝ၁၅ မှာ သူ့မိဘတွေက သူ့ရဲ့ယူကျုရုပ်သံလိုင်းကို ဖွင့်ပေးခဲ့ပါတယ်။ အဲဒီကတည်းက သူ့ဗီဒီယိုတွေကို ကြည့်သူ ၂၆ ဘီလျံ ရှိနေပြီး နောက်လိုက်ပရိသတ်ကလည်း ၁၇ သန်းကျော် ရှိပါတယ်။

သူ့ဝင်ငွေထဲက တသန်းက ကြော်ငြာထိုးတာတွေနဲ့ ရပြီး ကျန်တာကတော့ စပွန်ဆာပေးတဲ့ ပို့စ်တွေက လာတာလို့ ဖို့ဘ်စ် မဂ္ဂဇင်းက ဆိုပါတယ်။

သူ့ဗီဒီယိုတွေမှာ ပါတဲ့အရုပ်တွေကလည်း ချက်ချင်း ရောင်းကုန်ပါတယ်။

သြဂုတ်လက စပြီး ဝေါလ်မတ်ကုန်တိုက်နေ ရိုင်ယန်ရဲ့ ကမ္ဘာ နာမည်နဲ့ အရုပ်တွေ အဝတ်အစားတွေ ရောင်းချနေပါပြီ။ ဒီကလေးနဲ့ သူ့မိဘတွေ ဝေါလ်မတ်စတိုးထဲမှာ အရုပ်လာရှာတဲ့ ဗီဒီယိုကို ကြည့်သူက သုံးလအတွင်း ၁၄ သန်းကျော်သွားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လူမှုကွန်ရက်တွေမှာ ကြော်ငြာနဲ့ ငွေဝင်နေ

ဝေါလ်မတ်နဲ့ တွဲပြီးလုပ်တဲ့ လုပ်ငန်းတွေက ရတဲ့ငွေကြောင့် နောက်နှစ်မှာ ဒီကလေးရဲ့ ဝင်ငွေက ပိုပြီး တိုးဦးမှာပါ။

သူက ကလေးပဲ ရှိသေးလို့ သူ့ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ဘဏ်ထဲမှာ ထည့်ထားပြီး သူ အရွယ်ရောက်မှ ထုတ်ခွင့်ပေးမှာပါ။

ရိုင်ယန်ရဲ့ အမြွာညီအစ်မတွေကလည်း သူတို့မိသားစု ယူကျုရုပ်သံလိုင်းကနေ ဝင်ပြီး ဖျော်ဖြေကြပါတယ်။

ဒီကလေး သုံးယောက်ပါတဲ့ "အိမ်မှာ ကလေးတွေ လုပ်နိုင်တဲ့ ထိပ်တန်း သိပ္ပံစမ်းသပ်မှု ၁ဝ ခု " ဗီဒီယိုကို ကြည့်သူ ၂၆ သန်းကျော်သွားပါပြီ။

လူတွေက ဘာကြောင့် ဒီကလေးနဲ့ သူ့အရုပ်တွေကို ကြိုက်နေကြတာလဲ။

ထူးဆန်းတဲ့ ကလေး

အင်တာနက်မှာ နာမည်ကြီးနေပေမယ့် ရိုင်ယန်ရဲ့ မျိုးရိုးနာမည်ကို ဘယ်သူမှ မသိသလို ဘယ်မှာနေမှန်းလည်း မသိကြပါဘူး။ သူ သုံးနှစ်သားကတည်းက သူ့ရုပ်သံလိုင်း သူ့ဘာသာထောင်ချင်တဲ့စိတ် ဒီကလေးမှာ ရှိတယ်လို့ သူ့အမေက ပြောဖူးပါတယ်။

"သားက အရုပ်ညွှန်း ဗီဒီယိုတွေ တအားကြည့်တယ်၊ တရက်မှာ သူက ကျွန်မကို မေးတယ် ဘာကြောင့် သူရော တခြားကလေးတွေလို ယူကျုမှာ မရှိရတာလဲတဲ့။ ဒါနဲ့ ကျွန်မတို့က ရတာပေါ့ သားလည်း ရှိရမှာပေါ့ဆိုပြီး ဆုံးဖြတ်လိုက်တယ် " လို့ သူ့အမေက ဝက်ဆိုက်တခုနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

သူတို့ဘယ်သူဘယ်ဝါ ဆိုတာတော့ ဒီအမျိုးသမီးက မပြောပါဘူး။

"ဒါနဲ့ သူ့ကို အရုပ်ဆိုင် ခေါ်သွားပြီး သူ့အတွက် ပထမဆုံး အရုပ်ကို ဝယ်ပေးပါတယ်။ လီဂို ရထားလေးတစင်းပါ။ အဲဒီက စတာပဲ"

"အံ့အားတသင့်"

ယူကျုပေါ်မှာ အများစုက ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်ကြပေမယ့် ရိုင်ယန်ရုပ်သံမှာက သူ့အရုပ်တွေကို ဘယ်လိုမြင်တယ် ဆိုတာကို အဓိက ထားပါတယ်။ ရိုင်ယန် အရုပ်ပုံးကို ဖြည်းဖြည်းလေး "အံအားတသင့်နဲ့" ဘယ်လိုဖွင့်တယ်ဆိုတာ သူ့ရဲ့ မူပိုင်ဟန်လို ဖြစ်နေပြီလို့ ကြည့်ရှုသူတွေက ဆိုကြပါတယ်။

"ဒီအရုပ်က ဘာကြောင့် တခြားအရုပ်ထက် ပိုကောင်းနေရတာလဲ ဆိုတာ မမေးကြပါဘူး။ စဉ်းလည်းမစဉ်းစားကြပါဘူး။ ဒါနဲ့ပဲ လူကြီးတွေက ရိုင်ယန်အရုပ်ညွှန်းကို မကြည့်ဘဲ မနေနိုင် ဖြစ်နေကြတာ" လို့ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

Image caption ဗီဒီယိုကနေ ပညာရေးနဲ့ သိပ္ပံစမ်းသပ်မှုတွေလုပ်ပြတဲ့ ရိုင်ယန်

တခြား အရုပ်ဖွင့်တဲ့ ယူကျုလိုင်းတွေနဲ့ မတူဘဲ ရိုင်ယန်က သူ့ကိုယ်သူ ဗီဒီယိုမှာ ပါနေတယ် ဆိုတာကို သတိပြုမိပုံ မပေါ်ပါဘူး။

"ကျွန်မတို့ တရက်ကို ဗီဒီယို တခုစီတင်ပြီး သုံးခုကို တခါစီ ဆက်တိုက်ရိုက်တယ်၊ တပတ်ကို နှစ်ခါ သုံးခါ ပေါ့ "လို့ ရိုင်ယန့်အမေက ပြောပါတယ်။

ငွေရှာတဲ့ကလေး

တချို့သူတွေကတော့ မိဘတွေက သားကိုလုပ်စားနေတယ်၊ ငွေရှာနေတယ်လို့ စွပ်စွဲကြပါတယ်။

"ကျွန်မတို့ သူ့ကျောင်း အပျက်မခံပါဘူး။ ဗီဒီယို ရိုက်တာတွေကို ကျောင်းပိတ်ရက်တွေမှာ လုပ်ပြီး ဗီဒီယိုဖြတ်တာကို သူကျောင်းသွားချိန်မှာ လုပ်တယ် " လို့ ကလေးအမေက ပြောပါတယ်။

ရိုင်ယန်လို ဗီဒီယိုသမားတွေကြောင့် အရုပ်ရောင်းအားမှာ အကြီးအကျယ် သိသာတယ်လို့လည်း ဂျင်ဆီးလ်ဗားဆိုတဲ့ အရုပ်ညွှန်း ဝက်ဆိုက် ထောင်ထားသူက ပြောပါတယ်။

"ကြားဖူးသမျှထဲမှာ ဒါအငယ်ဆုံးပဲ။အများအားဖြင့် ဒါမျိုးရိုက်တာက ပိုအသက်ကြီးတဲ့ ကလေးတွေ များတော့ စကားပိုကြွယ်တာများတယ် " လို့ သူက ရှင်းပြပါတယ်။

အလှူဒါန

အရင်နှစ်တွေကဆိုရင် သူ့သား ဖွင့်ကြည့်တဲ့အရုပ်တွေ အကုန်လုံးနီးပါးကို ဝယ်ပြီး ပြန်လှူပေးတယ်လို့ ရိုင်ယန့်အမေက ပြောပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဗီဒီယိုတွေမှာ အရုပ်ဆိုင်တွေနဲ့ ဆက်တဲ့လင့်တွေပါလာပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရိုင်ယန်လို ဗီဒီယိုတွေကြောင့် အရုပ်ရောင်းအား အကြီးအကျယ်သိသာလာ

ရိုင်ယန်ရဲ့ ဗီဒီယိုတွေအောက်မှာလည်း မှတ်ချက်ပေးခွင့်ပိတ်ထားလို့ ပရိသတ်တွေ ဘယ်လိုမြင်တယ်ဆိုတာ မသိရပါဘူး။

ဒါပေမဲ့ တခြားမှာ ရှိတဲ့ အင်တာနက် ဖိုရမ်တွေမှာတော့ သူ့ဗီဒီယိုတွေကြောင့် တခြားကလေးတွေ ဘယ်လိုဖြစ်တယ်ဆိုတာ အကောင်းအဆိုးတွေကို တခြားကလေးမိဘတွေက ရေးနေကြပါတယ်။

"ကျွန်မသားက အရုပ်ကို ဝါးစားမိတယ်" ဆိုပြီး လင်းဆေးဝိုက်စ် ဆိုသူ အမျိုးသမီးက "ရိုင်ယန် အရုပ်ညွှန်းကြောင့် သေနိုင်တယ်"ခေါင်းစဉ်နဲ့ ဘလော့တခုမှာ ရေးခဲ့ပါတယ်။