အရှေ့တောင်အာရှမှာ အများဆုံး မြန်မာငွေကြေးဖောင်းပွမှု

burma ဓာတ်ပုံ မူပိုင် Santiago Urquijo Zamora
Image caption စားသောက်ကုန် ထုတ်လုပ်မှုမှာ ရောင်းအားနဲ့ ဝယ်အားမမျှ

၂ဝ၁၉ အတွက် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၈ ရာခိုင်နှုန်းထိ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ပြောကြားပါတယ်။

ဒီနှစ် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ အစက ၆.၈ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ခန့်မှန်းရာက နောက်ဆုံးရ ကိန်းဂဏန်းအချက်အလက်တွေအရ ၈ ရာခိုင်နှုန်းထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် မစ္စယူမီကို တာမူရာက ပြောပါတယ်။ ဒါဟာ မနှစ်က ရှိခဲ့တဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၅.၉ ရာခိုင်နှုန်းထက် ပိုမြင့်လာတာပါ။

ဒီလို မြင့်တက်တာဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အများဆုံး ဖြစ်ပြီး ငွေကြေးဖောင်းပွတဲ့ အဓိကအကြောင်းကတော့ မြန်မာနိုင်ငံရဲ့ စားသောက်ကုန် ထုတ်လုပ်မှုမှာ ရောင်းအားနဲ့ ဝယ်အားမမျှ တာကြောင့်ဖြစ်ပြီး ကမ္ဘာ့ရေနံစျေးတက်တာ၊ ဒေါ်လာလဲနှုန်းမြင့်တာ စတဲ့ အကြောင်းတွေ ပါတယ်လို့ သိရပါတယ်။ စားသောက်ကုန် ထုတ်လုပ်မှု နည်းတာ၊ ဖြန့်ဖြူးမှု နှေးကွေးတာ စတာတွေကြောင့် ရောင်းကုန်တွေ စျေးတက်ပြီး ငွေကြေးဖောင်းပွမှု မြင့်တက်တာ ဖြစ်ပါတယ်။ နောက် ရာသီဥတုဆိုးလို့ ကုန်စည်သယ်ယူ ပို့ဆောင်ရေး ပျက်ပြားတာနဲ့ တခြားစရိတ်စကတွေကြောင့် စျေးတက်တာတွေ ရှိပါတယ်။

ဒါတောင် ၂ဝ၁၈ ခုနှစ်အတွင်း မြန်မာအစိုးရက ဇိမ်ခံပစ္စည်းတင်သွင်းမှုကို ထိန်းချုပ်လိုက်လို့ သွင်းကုန်တန်ဖိုးကျဆင်းခဲ့သလို ပို့ကုန်တန်ဖိုးတက်တာ၊ ပြည်ပက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များလာတာနဲ့ နိုင်ငံတကာ ခရီးသွား အဝင်များ လာတာ စတဲ့အချက်တွေကြောင့် ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး ၆.၆ ရာခိုင်နှုန်း တက်ခဲ့တယ်လို့လည်း အေဒီဘီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပို့ကုန်တိုးလို့ ကုန်သွယ်ရေး အပိုတန်ဖိုး အမေရိကန် ဒေါ်လာ ၅၄ သန်းကျော်ထိ ရခဲ့ပါတယ်။

ဒီမှာ မကြာခင်က တိုးမြှင့်လိုက်တဲ့ လျှပ်စစ်မီတာခ တိုးမြှင့်မှုကြောင့် ဖြစ်တဲ့ ငွေကြေးဖောင်းပွမှု ရိုက်ခတ်ချက်ကိုတော့ မတွေ့ရသေးဘူးလို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Santiago Urquijo Zamora
Image caption ငွေကြေးဖောင်းပွမှုဒဏ်ကို အခြေခံလူတန်းစားတွေ အဓိကရင်ဆိုင်ရ

ဒီကိန်းဂဏန်းတွေကို မြန်မာအစိုးရ လစဉ်ထုတ်တဲ့ ငွေကြေးဖောင်းပွမှု အစီရင်ခံစာတွေနဲ့ ဗဟိုစာရင်းအင်းအဖွဲ့နဲ့ ဗဟိုဘဏ် တို့က ပြုစုတဲ့ သုံးလတကြိမ်ထုတ် အစီရင်ခံစာတွေကို အခြေခံပြီး တွက်ချက် ထားတာပါ။

ဒါပေမဲ့ ကမ္ဘာ့တခြားနေရာတွေမှာလည်း မြန်မာနိုင်ငံလိုပဲ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တဲ့ နိုင်ငံတွေ ရှိပြီး တချို့နိုင်ငံတွေမှာဆိုရင် ၁၀ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၃ဝ စသဖြင့် ရှိတတ်တယ်လို့လည်း သိရပါတယ်။

အရှိန်ကို ဆက်ပြီး ထိန်းထားဖို့ လို

မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်မှုတွေ လုပ်လာတာဟာ ပထမအဆင့်မှာ အားရစရာ ကောင်းခဲ့ပြီး အခု ဒုတိယအဆင့် ဝင်လာချိန်မှာတော့ ဒီအရှိန်ကို ဆက်ပြီး ထိန်းထားဖို့ လိုတယ်လို့လည်း အာရှ ဖွံ့ဖြိုးရေးဘဏ်က မစ္စယူမီကို တာမူရာက အကြံပေးပါတယ်။

နိုင်ငံအများစုမှာလည်း ဒီဒုတိယအဆင့်မှာ ပိုပြီး အခက်အခဲတွေ့တတ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရအတွက် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာမှာ အကန့်အသတ်တွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်း ၁ သောင်းကျော်ရှိနေတဲ့ ဗင်နီဇွဲလား

တခြားအာဆီယံနဲ့ အာရှပစိဖိတ် နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာမှာ အောင်မြင်တာတွေ ရှိလာပေမယ့် မြန်မာမှာတော့ စျေးကွက်နဲ့ မူဝါဒ ဖော်ဆောင်ရာမှာ မရင့်ကျက်သေးတာတွေ ရှိတယ် လို့လည်း သိရ ပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရရဲ့ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖို့ ကြိုးစားနေတာတွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး ဒီလို တနှစ်အတွင်း ၈ ရာခိုင်နှုန်း ဖောင်းပွမှုမျိုးကို ထိန်းချုပ်နိုင်မယ်လို့ ယူဆကြောင်း လည်း မစ္စ ယူမီကိုတာမူရာက ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ရာသီဥတုကောင်းပြီး သီးနှံအထွက်ကောင်းမယ်ဆိုရင် စားသောက်ကုန်စျေးနှုန်းတွေကျပြီး ငွေကြေးဖောင်းပွမှု ကို ပိုပြီးထိန်းချုပ်နိုင်မယ်လို့လည်း သိရပါတယ်။

ရေရှည်မှာ မြန်မာအစိုးရအနေနဲ့ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့ အတွက်ကတော့ စီမံခန့်ခွဲမှုတွေကို ပိုပြီး ထိရောက်အောင် ကြိုးစားသင့်တယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption မွန်ပြည်နယ်မှာ ရေကြီးမှုဒဏ် ဆိုးရွားစွာ ကြုံခဲ့ရ

အထူးသဖြင့် ဘဏ္ဍာရေးနဲ့ ငွေကြေးလုပ်ငန်းတွေမှာ ပိုပြီး အားကောင်းလာအောင် အစိုးရက အာရုံစိုက်သင့်တယ်လို့ သူက ဆိုပါတယ်။

နောက်ပြီး နိုင်ငံရေးနဲ့ လူမှုရေး ဖြစ်စဉ်တွေ၊ သံတမန်ရေးနဲ့ ပြည်ပဆက်ဆံရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးလို ကိစ္စတွေမှာ အစိုးရက တိုးတက်မှုတွေ ရအောင် လုပ်ဖို့ လိုနေတယ် လို့ ပြောပါတယ်။

ဒီအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ဘဏ် စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ မြန်မာအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

လောလောဆယ် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တဲ့ စနစ်ကို မကူညီနိုင်ပေမယ့် အကြွေးစီမံမှု နဲ့ ငွေကြေးစျေးကွက် ဖြစ်ထွန်းလာအောင် ကူညီရေးတွေမှာ အစိုးရ ဝန်ကြီးဌာနတွေအတွက် အေဒီဘီက လုပ်ဆောင်ပေးနေတယ်လို့လည်း အာရှဖွံ့ဖြိုးရေးဘဏ်က မစ္စ ယူမီကိုတာမူရာက ဆိုပါတယ်။

ရေရှည်မှာတော့ စီးပွားရေးတိုးတက်ဖို့အတွက် အတိုးနှုန်းကို ဖြေလျှော့တာ၊ နိုင်ငံခြား ငွေလဲနှုန်းကို ပြုပြင်တာ၊ ငွေချေးစာချုပ်တွေ စျေးကွက်ထဲ ဝင်လာအောင် လှုံ့ဆော်တာတွေ လုပ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။