ဂရိ ဘတ်ဂျက်နဲ့ ဥရောပသမဂ္ဂ အခန်းကဏ္ဍ

AFP
Image caption ဂရိအစိုးရရဲ့ ချွေတာရေး အစီအစဉ်အပေါ် အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်

ဂရိအစိုးရရဲ့ ဘတ်ဂျက် လိုငွေပြမှုကို လျှော့ချဖို့ အစိုးရ အသုံးစားရိတ် ချွေတာရေးအစီအစဉ်တွေ ကြေညာလိုက်ပြီးတဲ့နောက် ဝန်ထမ်းတွေဆန္ဒပြခဲ့ကြသလို ဒီကိစ္စကို ဖြေရှင်းဖို့ ဥရောပသမဂ္ဂရဲ့ ဖိအားပေးမှုတွေလဲ အများကြီးကြုံနေရပါတယ်။

ဘတ်ဂျက်လိုငွေကို လျှော့ချမယ့်အစီအစဉ်အရ၊ ဝန်ထမ်းလစာတွေ ထပ်တိုးမပေးတော့ဘဲ အငြိမ်းစားယူနိုင်တဲ့ အသက်အရွယ်ကိုလည်း ပြောင်းလဲသတ်မှတ် လိုက်ပါတယ်။

ဝန်ထမ်းနေရာတွေ လစ်လပ်တဲ့အခါမှာ ပြန်အစားထိုးခန့်မှာမဟုတ်ဘဲ အခွန်တိမ်းရှောင်သူတွေကိုလည်း နှိမ်နှင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်တဲ့ဂရိနိုင်ငံဟာ အစိုးရဘတ်ဂျက် လိုငွေပြမှုကို ပြည်တွင်းစုစုပေါင်းထုတ်ကုန် တန်ဖိုး (GDP) ရဲ့ ၃ ရာနှုန်းထက်မပိုအောင် ထိမ်းသိမ်းဖို့ တာဝန်ရှိပေမယ့် လက်ရှိ လိုငွေပြမှုဟာ ၁၂.၇ ရာနှုန်းရှိနေပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ဥရောပသမဂ္ဂက နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပေးပေမယ့် ငွေကြေးအရ ကူညီမယ့်အစီအစဉ်မျိုးတော့ မကြားရ သေးပါဘူး။

တကယ်လို့ ဂရိနိုင်ငံ အကြွေးပြန်မဆပ်နိုင်တဲ့အခြေအနေမျိုး ရောက်သွားရင်၊ ပေါ်တူဂီ၊ စပိန်၊ အီတလီနဲ့ အိုင်ယာလန်လို နိုင်ငံတွေပါ ထိခိုက်လာနိုင်ပါတယ်။

အဲဒီအခြေအနေကို ရောက်မသွားအောင် ငွေကြေးပိုင်းဆိုင်ရာ အရဝင်ကူညီလိုက်ရင်၊ ဒါဟာ အစဉ်အလာ တခု ဖြစ်သွားမှာကို လည်း ဥရောပ သမဂ္ဂက စိုးရိမ်ပုံ ရပါတယ်။

အခုချိန်အထိတော့ ဒီအရေးကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စဉ်းစားနေကြတုန်းပါ။

ဂျာမနီမှာကောက်ယူခဲ့တဲ့စစ်တမ်းတခုမှာတော့ လိုအပ်ရင်ဂရိကို ဥရောပသမဂ္ဂကနေ ထုတ်ပစ်သင့်တယ်လို့ လူ ၁၀၀ မှာ ၅၀ ကျော်က ပြောကြပါတယ်။

ဒါပေမယ့် ဗြိတိန်နိုင်ငံ Middlesex တက္ကသိုလ်က မြန်မာပညာရှင်တဦး ဖြစ်တဲ့ ဒေါက်တာ မြင့်မိုးချစ်ကတော့ ဂရိကို ထုတ်ပစ်လို့လည်း ဒီပြဿနာတွေ ပြေလည်မှာ မဟုတ်တဲ့အတွက် ဒီလိုလုပ်မှာမဟုတ်ပါဘူးလို့ ယူဆကြောင်း ပြောပြထားပါတယ်။