ပို့ကုန်ကော သွင်းကုန်ပါ နည်းနည်းလိုက်လာ

Image caption တရုတ်နိုင်ငံသုံး ယွမ်ငွေ

တရုတ်မြန်မာ နယ်စပ်က ကုန်စည် စီးဆင်းမှုတွေကို ကြည့်မယ်ဆိုရင် အရင်နဲ့ နှိုင်းယှဉ်ရင် ခုတလော ပို့ကုန်ရော သွင်းကုန်ပါ အနည်းငယ် လိုက်လာပါတယ်။

ဗန်းမော် မြစ်ကြီးနားနဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာလမ်းကြောင်းဟာ ည ရ နာရီမှာ ပိတ်ပြီး မနက် ၆နာရီမှာ ဖွင့်တဲ့အတွက် ကုန်စည် စီးဆင်းမှုတွေ ထက်ဝက်လောက် လျော့ကျနေတာ လနဲ့ချီ နေပြီ ဖြစ်သလို အက်စ်အက်စ်အေ မြောက်ပိုင်းနဲ့ အစိုးရတပ် အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲ သတင်းတချို့ကြောင့် ချင်းရွှေဟော် လမ်းကြောင်း ဘက်မှာလဲ ကုန်စည်သွားလာမှုတွေ သိသိသာသာ လျော့ကျသွားပါတယ်။

အရင်က မကြာခဏ တက်သွားလေ့ရှိတဲ့ ဂဏန်းနဲ့ ငါးရှဉ့်ကားတွေတောင် ချင်းရွှေဟော် ဘက်ကနေ လှည့်မသွားတော့တာ ၅ရက်လောက် ရှိပါပြီ။

အဓိက လမ်းကြောင်းကြီး ဖြစ်တဲ့ မူဆယ် ၁ဝ၅ မိုင် လမ်းကြောင်းကြီးပေါ်မှာလည်း လယ်ယာထွက်ကုန် ပြောင်းကလွဲလို့ တခြားပစ္စည်းတွေ အဝင်နည်းပါတယ်။

ပြောင်းကတော့ နေ့စဉ် ပျှမ်းမျှ ကားစီးရေ ၅ဝ ဝန်းကျင်လောက် ဝင်မြဲဝင်ပါတယ်။

ရေထွက်ကုန် ဂဏန်းနဲ့ ငါးရှဉ့်လည်း ဝင်မြဲဝင်ပေမယ့် ပမာဏကတော့ လျော့ကျ လာပါတယ်။

မနေ့က ဂဏန်းကား ၆စီးနဲ့ ငါးရှဉ့်ကား ၂ စီးလည်း ဝင်ရာမှာ ကြမ်းခင်းစျေး ၁တန်ကို ဒေါ်လာ ၁၅ဝဝ သတ်မှတ်ထားတဲ့ ကဏန်းက ဒေါ်လာ ၂ဝဝဝနဲ့ လေလံ စျေးပြတ် သွားခဲ့သလို ၁ တန် ဒေါ်လာ ၂ဝဝဝ သတ်မှတ်ထားတဲ့ ငါးရှဉ့်ကတော့ ဒေါ်လာ ၄ဝ၆ဝ အထိတောင် ရပြီး အမြင့်စျေးနဲ့ စျေးပြတ်သွားခဲ့ပါတယ်။

မြန်မာ နိုင်ငံဖက် သွားနေတဲ့ သွင်းကုန် တရုတ်ကုန်တွေဖက် ကြည့်ရင် ပုံမှန်မပြတ် သွားနေတာက ဓါတ်မြေသြဇာ ဖြစ်ပြီး စျေးကတော့ ဒီရက်ပိုင်းအတွင်းမှာ ပုလဲ ဓါတ်မြေသြဇာ ၁ တန်ကို ယွမ် ၂၁၅ဝ ကနေ ၂၃ဝဝ အထိ စျေးတက်သွားခဲ့ပါတယ်။

မြန်မာပြည်ဖက် သွားနေတဲ့ တခြား ကုန်စည်တွေကတော့ ဆောက်လုပ်ရေးသုံး သံပိုက်လုံး ၊ လျှပ်စစ်ပစ္စည်း ၊ စက်ပစ္စည်း ၊ စောင်နဲ့ ပန်းသီး ၊ လိမ္မော်သီး ၊ စပျစ်သီး အပြင် စက်မှုကုန်ကြမ်း ကော်စေ့နဲ့ နေကြာစေ့တွေလည်း သွင်းလာနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်မြန်မာ နယ်စပ်မှာ ငွေလဲနှုန်းဟာ မြန်မာကျပ် ၁ဝဝဝ ဟာ တရုတ်ငွေ ရ ယွမ်နဲ့ ၃၃ ပြား ဖြစ်ပါတယ်။