ညဖက်မှာ မြန်မာဖက်ကို ကုန်စည်တွေ ခိုးကူးသယ်ပို့

ဓာတ်ပုံ မူပိုင် bur
Image caption ထိုင်းမြန်မာ နယ်စပ်က မြင်ကွင်း

မဲဆောက် မြ၀တီ က ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ အခုရက်ပိုင်းမှာ ထင်သာ မြင်သာရှိ လောက်အောင် ကျဆင်းသွားပါတယ်။

ကုန်သွယ်ရေး အခြေအနေက အခုရက်ပိုင်းမှာ ဆိုးဆိုးဝါးဝါး ကျဆင်းသွားတယ်လို့ ထိုင်းဖက်က ကုန်သွယ်ရေး ကျဆင်းတဲ့ အခြေအနေကို တာခ်ခရိုင် ကုန်သည်ကြီး များ အသင်း ဥက္ကဌဟောင်း ကုန်သည်ကြီး နိုင်ဆူချတ် တရီရတ်ဝတ္တနာ က ပြောပါတယ်။

နယ်စပ် ကုန်သွယ်ရေးဟာ မဲဆောက်က လက်လီ၊လက်ကား ကုန်သည်တွေအပြင် စျေးထဲက စျေးသည်တွေနဲ့ လူထုတွေကိုပါ ရိုက်ခတ်စေတယ်။

မဲဆောက်မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေပါ ထိခိုက်ကြတဲ့ အပြင် ချစ်ကြည်ရေး တံတား ပိတ်ပြီး နောက်ပိုင်းမှာ ထိုင်းဖက်က ကုန်သွယ်ရေး တန်ဖိုးဟာ ၇၀ ရာခိုင်နှုန်းကျသွားတယ်။

အခုမြန်မာဖက်က ကတိုးဆိပ်တွေက တင်ပို့ခွင့်ကိုပါ ပိတ်လိုက်တော့ ကျန်တဲ့ ပို့ကုန်တန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်းထပ်ကျသွားတယ်လို့လည်း ပြောသွားပါတယ်။

မြ၀တီမြို့ဖက် အခြမ်း ချစ်ကြည်ရေး တံတား အနားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာဖက်က ကတိုးဆိပ်တွေကနေ ကုန်စည်တင်ပို့မှုတွေကို ပိတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက်ညပိုင်းတွေမှာကုန်ပစ္စည်းတွေမြန်မာဖက်ကိုခိုးကူးနေပေမဲ့၊မြဝတီကနေပြည်တွင်းကိုသွားတဲ့လမ်းကြောင်းမှာအဖမ်းအဆီးတွေများနေပြန်တယ်လို့ကုန်သည်တွေကပြောပါတယ်။

ဒါပေမဲ့ တဆွဲတပိုး ကုန်သည်ငယ်တွေ ကတော့ အချိုမှုန့်၊ အချိုရည်၊ စားအုန်းဆီ၊ မုန့်မျိုးစုံ၊ အိမ်သုံးကုန်၊ လူသုံးကုန်တွေနဲ့ မော်တော်ယာဉ်၊ ဆိုက္ကယ် အပိုပစ္စည်းတွေကို တနိုင်တပိုင် သယ်ဆောင်တာ မျိုးလောက်ပဲရှိပါတယ်။

ထိုင်းက စားသောက်ကုန်တွေ ဖြစ်တဲ့၊ ဟင်းသီး၊ ဟင်းရွက်၊ မွေးမြူရေးကြက်၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥနဲ့ အသီးအနှံတွေကို မြ၀တီမြို့ကနေ၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေ အထိ အားထားနေရတဲ့အတွက် အဲဒီပစ္စည်းတွေကိုတော့ မြန်မာဖက်ကို အလွယ်တကူ သယ်လို့ရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ထိုင်းဖက်ကို ပြန်တင်ပို့တဲ့ မြန်မာပစ္စည်းတွေက ငြုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ပဲမျိုးစုံ၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငပိ၊ ငပိရည်ကျို၊ ပဲငပိ၊ ငြုပ်ဆီ၊ ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ ယိုစုံထုတ်တွေကို တွေ့ရပါတယ်။

ရွှေစျေးနဲ့ ငွေစျေးဖက်ကို ကြည့်ရင် မနေ့က ညနေပိုင်းမှာ ထိုင်းအထည် ရွှေတဘတ်သားဟာ ထိုင်းဘတ် ၂၀၅၀၀ နှုန်းဖြစ်ပြီးတော့ မြန်မာငွေစျေးက ကျပ်တရာကို ထိုင်းဘတ် ၃ ဘတ် ၄၅ ပြား နှုန်းနဲ့စျေးပိတ်သွားပါတယ်။